စစ်တွေမြို့မှ နေရပ်ပြန်သူ စုစုပေါင်း ၂၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရှိရပြီး နေ့စဉ်နေရပ်သို့ ပြန်သူများရှိနေကြောင်း သိရ

စစ်တွေမြို့မှ နေရပ်ပြန်သူ စုစုပေါင်း ၂၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရှိရပြီး နေ့စဉ်နေရပ်သို့ ပြန်သူများရှိနေကြောင်း သိရ
Published 4 October 2017

မိမိတို့ဒေသအသီးသီးသို့ပြန်မည့် စစ်တွေမြို့၌ လာရောက်ခိုလှုံသူများအား စစ်တွေဆိပ်ကမ်း၌ တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်)

ARSA ဘင်္ဂလီအကြမ်းဖက်များ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသော တိုင်းရင်းသားများအနက် စစ်တွေသို့ ရောက်ရှိခိုလှုံနေကြသူများအနေဖြင့် နေ့စဉ်နေရပ်ပြန်သူများရှိလာခဲ့ရာ အောက်တိုဘာ ၃ ရက်အထိ စစ်တွေမြို့မှ နေရပ်ပြန်သူ စုစုပေါင်း ၂၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရပြီး နေ့စဉ်နေရပ်သို့ ပြန်သူများရှိနေကြောင်း သိရသည်။

ယင်းသို့ပြန်ကြသူများအနေဖြင့် ဒေသတွင်းအခြေအနေကို နားစွင့်ကာပြန်ကြခြင်းဖြစ်ပြီး မိမိတို့ကျေးရွာအတွင်း ကျန်ရှိခဲ့သူများမှလည်း ဖုန်းဆက်အကြောင်းကြားသဖြင့် ပြန်ကြခြင်းဖြစ်ကြောင်း၊ လုံခြုံရေးချထား ဆောင်ရွက်ထားသည့်အတွက် လက်ရှိအနေအထားတွင် လုံခြုံမည်ဟုယူဆသဖြင့် ထိုသို့ပြန်ကြခြင်းဖြစ်ကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။

“ပြန်ချင်လို့ ပြန်တယ်ပြောရမှာပေါ့။ ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်တော့လည်း ကယ်ဆယ်ရေးစခန်းမှာ ရက်အကြာကြီးမနေချင်ဘူး။ ဒါကြောင့်ပြန်တာပါ။ နောက်ပြီး စားသောက်ရတာလည်း အဆင်မပြေမှုတွေရှိတယ်။ တစ်ခါတလေဆို တစ်နေကုန် ခရမ်းသီးနဲ့စားရတယ်။ အပြင်မှာသွားစားမယ်ဆိုရင်လည်း ခွင့်မပြုဘူး။ ကျွန်မတို့က ပျော်လို့ပြေးလာတာမဟုတ်ဘူး။ အသက်လုပြီး ပြေးလာရတာပါ။ ရွာမှာအိမ်ကျန်ခဲ့တော့ မသွားဘဲမနေချင်တော့ဘူး။ နောက်ဘာဖြစ်မယ်ဆိုတာကို ကျွန်မတို့မသိဘူး။ ပြန်ပြေးရတဲ့အဖြစ်မျိုး မဖြစ်စေချင်တာတော့ အမှန်ပါ” ဟုလည်း တမန်းသားကျေးရွာမှ ဒေါ်ခိုင်စောယဉ်က ပြောကြားသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ တောင်ပိုင်းနှင့် ဘူးသီးတောင်မြို့နယ်များမှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသူများအနေဖြင့် စစ်တွေမြို့အပြင် အခြားသောမြို့များသို့လည်း သွားရောက်ခိုလှုံမှုများရှိနေခဲ့ပြီး စစ်တွေမြို့တွင် လူပေါင်း ၆၀၀၀ ကျော်ခန့် ရောက်ရှိခဲ့ရာမှ ယခုအခါတွင် ၄၀၀၀ ခန့်သာ ကျန်တော့ကြောင်းလည်း သိရသည်။

ယင်းတို့အနေဖြင့် စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြရပြီး တချို့ကျောင်းများတွင် ခိုလှုံနေကြသူများအနေဖြင့် စားသောက်ရေးအပိုင်းတွင် ခက်ခဲမှုများရှိနေကြောင်း သိရသည်။

“ကျွန်မတို့ထက် အရင်ပြန်ကြသူတွေကလည်းရှိတယ်။ သူတို့ကို မေးကြည့်တော့လည်း လာလို့တော့ရတယ်။ နောက်ပိုင်း ဘယ်လိုဖြစ်လာမယ့်ဆိုတာကိုတော့ မသိဘူးလို့ပြောတယ်။ ဘာပဲဖြစ်ဖြစ် နေရပ်ကိုတော့ ပြန်ချင်တာပေါ့။ ကိုယ့်အိမ်ဆိုတာက ချက်မြုပ်မြေ၊ ကိုယ့်ချက်မြုပ်မြေကို ကိုယ်ပြန်ချင်တယ်။ လုံခြုံမှုမရှိဘူးဆိုရင်တော့ ထပ်ပြီးပြေးတော့မယ်။ အဲဒီမြေမှာ မလုံခြုံတော့ဘူးလို့ ခံစားရရင်တော့ တစ်ခါတည်းပြောင်းတော့မယ်။ ဘယ်သူမှအသက်ကို မစတေးနိုင်ဘူး။ အခုလည်း အသက်လုပြီးပြေးနေရတယ်။ နောက်လည်းပြေးနေရမယ်ဆိုရင် အားလုံးပြောင်းပြေးလိမ့်မယ်။ အဲဒီအကြမ်းဖက် ဘင်္ဂါလီတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး” ဟု မမဲမချေက ပြောကြားသည်။

နေရပ်စွန့်ခွာ ထွက်ပြေးသူများအနေဖြင့် လတ်တလောတွင် နေရပ်သို့ပြန်နေကြသော်လည်း အတူယှဉ်တွဲနေထိုင်ရေးအတွက် လုံးဝလက်ခံမည် မဟုတ်ကြောင်းနှင့် တိုင်းရင်းသားများအား လုံခြုံမှုအပြည့်အဝမပေးနိုင်ပါက နေရပ်မှ အပြီးစွန့်ခွာသွားကြမည် ဖြစ်ကြောင်းလည်း ပြောဆိုမှုများရှိနေကြောင်း သိရသည်။

Most Read

Most Recent