ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်
Published 4 October 2017

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)

ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီး H.E. Mr. Asaduzzaman Khan သည် မြန်မာနိုင်ငံသို့ မကြာမီလာရောက်မည်ဖြစ်ကြောင်း အောက်တိုဘာ ၃ ရက်က နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မြန်မာနိုင်ငံသို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး လာရောက်၍ ဆွေးနွေးမှုများပြုလုပ်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ဖိတ်ကြားသည့်စာကို ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးထံသို့ လွဲှပြောင်းပေးအပ်ခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် အမေရိကန်နိုင်ငံမှ ပြန်ရောက်လာလျှင် လမ်းညွှန်ချက်ခံယူပြီး လာမည့်ရက်ကို အသိပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့ပြင်ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abdul Hassan Mahmood Ali နှင့် အောက်တိုဘာ ၂ ရက်တွင် တွေ့ဆုံခဲ့ကာ မကြာသေးမီက ရခိုင်ပြည်နယ်၌ နေထိုင်သူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့မှုများအား ဖြေရှင်းရေးကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆွေးနွေးမှုတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ပြည်ထဲရေးဝန်ကြီး H.E. Mr. Asaduzzaman Khan၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်ပြီး မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျလည်း ပါဝင်ကြောင်း သိရသည်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နှစ်နိုင်ငံနယ်စပ်လုံခြုံရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် နှစ်ဖက်သဘောတူထားသည့် သတ်မှတ်ချက်များအတိုင်း မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသည့် ဒုက္ခသည်များစိစစ်ရေး ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကိုဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံ နေပြည်တော်သို့ လာရောက်ရန် ဖိတ်ကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ဖိတ်ကြားမှုကိုလက်ခံကြောင်း ပြန်လည်ပြောကြားသည်ဟု သတင်းထုတ်ပြန်မှုတွင်ပါရှိသည်။

ယင်းအပြင် တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည့်အတိုင်း မြန်မာနိုင်ငံအနေဖြင့် ဒုက္ခသည်များအား စိစစ်ရန်နှင့် ပြန်လည်ပို့ဆောင်ရန်ကိစ္စများ ဆောင်ရွက်သွားရန် အသင့်ရှိကြောင်းကို ထပ်လောင်းအတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။

၁၉၉၂ ခုနှစ် ဧပြီ ၂၈ ရက်တွင် နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးများ ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်ပါ သတ်မှတ်ချက်များအတိုင်း ၁၉၉၂ ခုနှစ် စက်တင်ဘာမှစ၍ ၂၀၀၅ ခုနှစ် ဇူလိုင်အထိ အိမ်ထောင်စု ၄၆ယ၉၉၃ စုမှ လူဦးရေ ၂၃၆ယ၄၉၅ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့၌ကျင်းပခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှရရှိခဲ့သည့် နှစ်ဖက်သဘောတူညီချက်များအတိုင်း ကွဲကွာနေသော မိသားစုများနှင့် ကျန်ရှိနေသော မိသားစုဝင်များကို ပြန်လည်ပို့ဆောင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရမှ အသိအမှတ်ပြုသော တရားဝင်စာရွက်စာတမ်းများ တင်ပြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့အတူ အိမ်နီးချင်းနှစ်နိုင်ငံအကြား ဖြစ်ပေါ်လျက်ရှိသည့် ကိစ္စရပ်များကို နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစား၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းသွားနိုင်မည်ဟု ခိုင်မာစွာယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် တည်ရှိနေသည့် ချစ်ကြည်ရင်းနှီးမှုကို အလေးထားပြီး ထိန်းသိမ်းရန်ဆန္ဒရှိကြောင်း၊ Arakan Rohingya Salvation Army (ARSA) အား မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံလုံး၏ ဘုံရန်သူအဖြစ် ခံယူကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အကြမ်းဖက်မှုများအပေါ် လုံးဝလက်မခံသည့်မူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း ထပ်လောင်းအတည်ပြု ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

 

Most Read

Most Recent