ရခိုင်ပြည်နယ်တွင် ထိခိုက်ခံစားရမှုများသည် အလွန်အမင်း ကြီးမားကြောင်း ကွင်းဆင်းလေ့လာမှုအပြီး၌ ကုလ ထုတ်ပြန်

ရခိုင်ပြည်နယ်တွင် ထိခိုက်ခံစားရမှုများသည် အလွန်အမင်း ကြီးမားကြောင်း ကွင်းဆင်းလေ့လာမှုအပြီး၌ ကုလ ထုတ်ပြန်
Published 3 October 2017

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ဒေသသို့ ကုလသမဂ္ဂမှ တာဝန်ရှိသူအချို့ အပါအဝင် နိုင်ငံတကာ သံတမန် ၄၀ ကျော်က အောက်တိုဘာ ၂ ရက်တွင် ကွင်းဆင်း လေ့လာခဲ့ကြသည်။ ယင်းခရီးစဉ်အပြီးတွင် အဖွဲ့ဝင်သုံးဦး လိုက်ပါခဲ့သည့် ကုလသမဂ္ဂက ကြေညာချက်ထုတ်ပြန်ခဲ့ရာ ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ထိခိုက်ခံစားရမှုများသည် မတွေးနိုင်လောက်အောင် အလွန်အမင်း ကြီးမားခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ယင်းကွင်းဆင်းလေ့လာမှု ခရီးစဉ်သည် ဆက်ဆံရေးပြန်လည် ပျော့ပျောင်းလာသည့် လက္ခဏာဖြစ်ပြီး အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ်အဖြစ် ကုလသမဂ္ဂက ကြိုဆိုခဲ့သည်။ သို့သော် လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးအတွက် ပိုမိုကျယ်ပြန့်စွာ ခွင့်ပြုပေးရန် လိုအပ်ကြောင်း ကုလသမဂ္ဂက ထပ်မံပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ထိခိုက်ခံစားခဲ့ရသူ အားလုံးအတွက် အလွန်အမင်း ဝမ်းနည်းမိကြောင်းနှင့် အကြမ်းဖက်မှုသံသရာကို အဆုံးသတ်ရန် တိုက်တွန်းလိုကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဒုက္ခသည်များအား ၎င်းတို့၏ မူလနေရာများသို့ ဘေးကင်းစွာ၊ ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ နှင့် စဉ်ဆက်မပြတ် ပြန်လာနိုင်ရေးအတွက် လုပ်ဆောင်ရန်လည်း ကုလသမဂ္ဂက တိုက်တွန်းခဲ့သည်။

ယင်းခရီးစဉ်တွင် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါခဲ့သော ဥရောပသမဂ္ဂကလည်း ယင်းသည် စုံစမ်းစစ်ဆေးရေးမစ်ရှင် မဟုတ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ပြာကျနေသော ရွာများအား မြင်တွေ့ခဲ့ရပြီး လူသူကင်းမဲ့နေခဲ့ကြောင်း၊ အကြမ်းဖက်မှုအား ရပ်တန့်ပစ်ရမည် ဖြစ်ကြောင်း၊ လူသားချင်းစာနာမှု အကူအညီပေးမှုနှင့် မီဒီယာများ ဝင်ရောက်မှုတို့အား မပိတ်ပင်သင့်ကြောင်း ဥရောပသမဂ္ဂ အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

Most Read

Most Recent