ARSA အား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံး၏ ဘုံရန်သူအဖြစ် သတ်မှတ်ကြောင်းနှင့် အကြမ်းဖက်များအပေါ် လုံးဝလက်မခံသည့် မူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ARSA အား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံး၏ ဘုံရန်သူအဖြစ် သတ်မှတ်ကြောင်းနှင့် အကြမ်းဖက်များအပေါ် လုံးဝလက်မခံသည့် မူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြောကြား
Published 3 October 2017

Photo: Myanmar President Office

ARSA (Arakan Rohingya Salvation Army) အား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံး၏ ဘုံရန်သူအဖြစ် သတ်မှတ်ကြောင်း နှင့် အကြမ်းဖက်များအပေါ် လုံးဝလက်မခံသည့် မူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abdul Hassan Mahmood Ali ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိ သွားရောက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျလည်း လိုက်ပါခဲ့သည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့် အောက်တိုဘာ ၂ ရက်က တွေ့ဆုံခဲ့ပြီး မကြာသေးမီက ရခိုင်ပြည်နယ်၌ နေထိုင်သူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဖြတ်ကျော် ဝင်ရောက်ခဲ့မှုများအား ဖြေရှင်းရေးကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ဦးကျော်တင့်ဆွေက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည့်အတိုင်း မြန်မာနိုင်ငံအနေဖြင့် ဒုက္ခသည်များအား စိစစ်ရန်နှင့် ပြန်လည် ပို့ဆောင်ရန်ကိစ္စများ ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပြီး ၁၉၉၂ ခုနှစ် ဧပြီ ၂၈ ရက်တွင် နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးများက ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်ပါ သတ်မှတ်ချက်များအတိုင်း ၁၉၉၂ ခုနှစ် စက်တင်ဘာမှစ၍ ၂၀၀၅ ခုနှစ် ဇူလိုင်အထိ အိမ်ထောင်စု ၄၆,၉၉၃ စုမှ လူဦးရေ ၂၃၆,၄၉၅ ဦးအား ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှ ရရှိခဲ့သည့် နှစ်ဖက် သဘောတူညီချက်များအတိုင်း ကွဲကွာနေသော မိသားစုများနှင့် ကျန်ရှိနေသော မိသားစုဝင်များကို ပြန်လည်ပို့ဆောင်ရန်အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက အသိအမှတ်ပြုသော တရားဝင် စာရွက်စာတမ်းများ တင်ပြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် တည်ရှိနေသည့် ချစ်ကြည်ရင်းနှီးမှုကို အလေးထားကြောင်းနှင့် ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း၊ ARSA (Arakan Rohingya Salvation Army) အား မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံး၏ ဘုံရန်သူအဖြစ် ခံယူကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် အကြမ်းဖက်မှုများအပေါ် လုံးဝလက်မခံသည့် မူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။

Most Read

Most Recent