ယခုနှစ်ကုန်တွင် အနိမ့်ဆုံးလုပ်ခလစာ ထွက်ရှိရန် ကြိုးစားဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ယခုနှစ်ကုန်တွင် အနိမ့်ဆုံးလုပ်ခလစာ ထွက်ရှိရန် ကြိုးစားဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 3 October 2017

နေပြည်တော်တွင် ပြုလုပ်သော အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ပြုလုပ်နေစဉ်

အနည်းဆုံးအခကြေးငွေ နှုန်းထားသည် နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ ကုန်ထုတ်စွမ်းအားများအား တိုးတက်စေနိုင်မည်ဖြစ်သည့်အတွက် ၂၀၁၇ ခုနှစ် နှစ်ကုန်တွင် အနိမ့်ဆုံးလုပ်ခလစာ ထွက်ရှိရန် ကြိုးစားဆောင်ရွက်နေကြောင်း အောက်တိုဘာ ၂ ရက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတွင် ပြုလုပ်သည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“ဒီနှစ်ကုန်ပိုင်းမှာ အနိမ့်ဆုံးလုပ်ခလစာ ထွက်လာဖို့ ကြိုးစားနေတယ်။ ကော်မတီအစည်းအဝေးကတော့ ဒါတွေကို ပြန်ချပြီးရင်၊ သူတို့ပြန်တင်လာရင် နောက်ထပ်တစ်ကြိမ်လောက်တော့ ပြန်ခေါ်ရမယ်ထင်ပါတယ်။ လုပ်ထုံးလုပ်နည်းအရ အမျိုးသားကော်မတီရဲ့ ဆုံးဖြတ်ချက်ဟာကို ကြေညာရမယ်။ ကန့်ကွက်သူရှိရင် ပြန်ဆွေးနွေးရမယ်။ မရှိဘူးဆိုရင် လွှတ်တော်တင်ပြပြီး လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ တစ်ရက်အဆိုပြုနှုန်းထားများကို တင်ပြခဲ့ပြီးတစ်ရက်လျှင် အနိမ့်ဆုံးလုပ်ခကြေးငွေ ကျပ် ၄၀၀၀ မှ အများဆုံးကျပ် ၆၄၀၀ အထိ ပါဝင်ကြောင်းသိရသည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက တင်ပြချက်အရဆိုရင် ကျပ် ၄၈၀၀ ပေးသင့်တယ်ဆိုတဲ့ တိုင်းနဲ့ပြည်နယ်က ခြောက်ခုလောက်ရှိတယ်။ ကျပ် ၄၈၀၀ အောက်ပြည်နယ်တွေရှိသလို ခြောက်ထောင်အထိ ပေးသင့်တဲ့ ပြည်နယ်ကလည်း နှစ်ခုလောက်ရှိနေတာပေါ့။ ဒီအပေါ်မှာ မူတည်ပြီးတော့မှ ဆက်လက်ပြီးတော့ တိုင်းနဲ့ပြည်နယ် ကိုယ်စားလှယ်တွေ၊ ဝန်ကြီးတွေ၊ ဥက္ကဋ္ဌတွေညှိနှိုင်းရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရအဖွဲ့များက လာမည့်ကာလအတွင်း အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရန်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ညှိနှိုင်းရရှိလာသည့် အချက်အလက်များအား အဆိုပါအစည်းအဝေးတွင် တင်ပြရန်နှင့် လိုအပ်ချက်များအား ဆွေးနွေးညှိနှိုင်းရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း သိရသည်။

စီးပွားရေးသုတေသီ (အမျိုးသားအဆင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးကော်မတီအဖွဲ့ဝင်) ဦးဇော်ဦးက “အများကြီးတက်လို့မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ တိုးတက်နှုန်းကလည်း နှေးကွေးနေတဲ့အချိန် ဖြစ်နေတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုရယူဖို့အတွက် စိန်ခေါ်မှုတွေအများကြီး ကြုံတွေ့နေရတဲ့ကာလ ဖြစ်နေတဲ့အတွက်ကြောင့် အရမ်းတက်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အလားအလာတွေကို ထိခိုက်နိုင်တယ်ဆိုရင်တော့ ကျွန်တော်တို့အချက်တွေကိုကြည့်ပြီး တိုးသင့်သလောက်ကိုပဲ တိုးဖို့လိုတယ်” ဟုပြောကြားသည်။

Most Read

Most Recent