အီဂျစ်ရှိ မြန်မာသံရုံးတွင် အသေးစားပေါက်ကွဲမှုသည် ၎င်းတို့လက်ချက်ဖြစ်ပြီး ဘင်္ဂါလီများကို နှိမ်နင်းမှုကြောင့် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အီဂျစ်စစ်သွေးကြွအဖွဲ့ ကြေညာ

အီဂျစ်ရှိ မြန်မာသံရုံးတွင် အသေးစားပေါက်ကွဲမှုသည် ၎င်းတို့လက်ချက်ဖြစ်ပြီး ဘင်္ဂါလီများကို နှိမ်နင်းမှုကြောင့် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အီဂျစ်စစ်သွေးကြွအဖွဲ့ ကြေညာ
Published 2 October 2017

စက်တင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့သည့် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်ရှိ မြန်မာသံရုံး အသေးစားပေါက်ကွဲမှုသည် ၎င်းတို့ လက်ချက်ဖြစ်ပြီး ဘင်္ဂါလီများကို နှိမ်နင်းမှုကြောင့် လက်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ဟု အီဂျစ်စစ်သွေးကြွအဖွဲ့ Hasm ကြေညာခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

Reuters သတင်းတွင် အီဂျစ်စစ်သွေးကြွအဖွဲ့ Hasm က အောက်တိုဘာ ၁ ရက်၌ ကြေညာချက် ထုတ်ပြန်ခဲ့ရာ မြန်မာသံရုံး ပေါက်ကွဲမှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီမွတ်ဆလင်များ (မူရင်းသတင်းတွင် ရိုဟင်ဂျာ ဟု သုံးနှုန်းထား) ကို စစ်ရေးအရ နှိမ်နင်းနေခြင်းအပေါ် လက်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်ဟု သိရသည်။

အီဂျစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးက မြန်မာသံရုံးတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့်မှတ်ချက်မျှ သုံးသပ် ပြောကြားခဲ့ခြင်း မပြုခဲ့သော်လည်း ဒေသခံများနှင့် မီဒီယာများ၏ ကနဦး သတင်းများတွင် ဂက်စ်ပိုက်လိုင်း ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဖော်ပြခဲ့သည်။

သို့ရာတွင် လုံခြုံရေး သတင်းရင်းမြစ် နှစ်ခုက ပေါက်ကွဲမှု ဖြစ်ပွားရာနေရာ၌ ဖောက်ခွဲရေးပစ္စည်း အပိုင်းအစအချို့ တွေ့ရှိခဲ့ကြောင်း Reuters သို့ ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အီဂျစ်စစ်သွေးကြွအဖွဲ့ Hasm ၏ ထုတ်ပြန်ချက်၌ “ဒီဖောက်ခွဲမှုဟာ ရခိုင်ပြည်နယ်အတွင်းမှာ မွတ်ဆလင် အမျိုးသမီးတွေနဲ့ ကလေးတွေကို သတ်ဖြတ်သူတွေ၊ လူသတ်သမားတွေရဲ့သံရုံးကို သတိပေးလိုက်တာဖြစ်ပြီး အင်အားချည့်နဲ့လာတဲ့ မွတ်ဆလင် လူထုရဲ့ ရင်သွေးတွေနဲ့အတူ သွေးစည်းညီညွတ်တယ် ဆိုတာ ပြသလိုက်တာ ဖြစ်တယ်” ဟု ဖော်ပြထားကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုသည် ပြီးခဲ့သည်နှစ်အတွင်းက ကိုင်ရိုမြို့အနီးတစ်ဝိုက်၌ တရားသူကြီးများနှင့် ရဲများကို ပစ်မှတ်ထား၍ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်သည်ဟု စွပ်စွဲခံထားရသော Hasm အဖွဲ့အနေဖြင့် အရပ်သားပစ်မှတ်တစ်ခုကို ပစ်မှတ် ထားတိုက်ခိုက်ခဲ့ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖောြ်ပထားသည်။

ထို့ပြင် Hasm အဖွဲ့က ၎င်းတို့အနေဖြင့် ယခုစစ်ဆင်ရေးအတွင်း အရပ်သားများ ထိခိုက်သေဆုံးမှု (သို့မဟုတ်) အပြစ်မဲ့သူများ ထိခိုက်နာကျင်မှု မရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း၊  သို့သော်လည်း ဘင်္ဂါလီ မွတ်ဆလင်များကို စစ်ရေးအရ နှိမ်နင်းနေခြင်းအား  မရပ်တန့်ပါက မီးလောင်တိုက် သွင်းပစ်ရလိမ့်မည်ဟု ခြိမ်းခြောက်ပြောဆို ထားကြောင်းလည်း  Reuters သတင်းတွင် ဖောြ်ပထားသည်။

အီဂျစ်ရှိ မြန်မာသံရုံး တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးထံ ဆက်သွယ်မေးမြန်းရာ အင်ဒိုနီးရှားရှိ မြန်မာသံရုံး တိုက်ခိုက်ခံရပြီး ကတည်းက သံရုံးအားလုံးကို လုံခြုံရေးဂရုစိုက်ရန် ညွန်ကြားချက် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ပြောကြားသည်။

“အင်ဒိုနီးရှားမှာ ဖြစ်ကတည်းက သံရုံးတွေအကုန်လုံးကို ညွှန်ကြားချက်တွေ ထွက်ထားပြီးပြီ။ လုံခြုံရေး ဂရုစိုက်ဖို့ပါ။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကိုလည်း သံရုံးတွေက ထုတ်ပြန်ချက်တွေ ထုတ်ထားပါတယ်။ အထူးသဖြင့် မွတ်စလင် နိုင်ငံတွေပေါ့။ ကျန်တာကတော့ သံရုံးလုံခြုံရေးကိုတော့ အိမ်ရှင်နိုင်ငံက တာဝန်ယူရတာပေါ့။ အဲဒီတော့ အိမ်ရှင်နိုင်ငံနဲ့ လုံခြုံရေးအတွက် ပြောရမှာပေါ့။ ဒါပေမဲ့ နိုင်ငံခြားရေးကလည်း ညွန်ကြားထားပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

သြဂုတ် ၂၅ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောနယ်စပ် တစ်လျှောက်ရှိ နယ်ခြားစောင့်ရဲစခန်း ၃၀ ကျော်ကို ဘင်္ဂါလီ အကြမ်းဖက်များက တိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာ့တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ရသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းကြောင့် အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်စသည့် နိုင်ငံအချို့၏ မြို့ကြီးများတွင် ဘင်္ဂါလီ အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သလို စက်တင်ဘာ ၃ ရက်ကလည်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ မြန်မာသံရုံးသည် မီးလောင်ဗုံးနှစ်လုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခံခဲ့ရသည်။

အဆိုပါ တိုက်ခိုက်ခံရမှုတွင် မီးစထည့်ထားသော ပုလင်းနှစ်လုံးဖြင့် ပစ်ပေါက်ခြင်းဖြစ်ပြီး တစ်လုံးမှာ သံရုံး၏ ဝရန်တာသို့ ကျရောက်ခဲ့ကြောင်း၊ ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု မရှိသလို လူထိခိုက်ဒဏ်ရာ ရရှိမှုလည်း မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အင်ဒိုနီးရှားရှိ မြန်မာသံရုံး တိုက်ခိုက်ခံရပြီးနောက် ယခုဖြစ်ပွားခဲ့သည့် အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုရှိ မြန်မာသံရုံးတွင် တိုက်ခိုက်ခံရမှုသည် ဒုတိယအကြိမ် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent