နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း ရန်ကုန်မြို့တွင် လူထုလမ်းလျှောက်ပွဲပြုလုပ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း ရန်ကုန်မြို့တွင် လူထုလမ်းလျှောက်ပွဲပြုလုပ်
Published 2 October 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံကြောင်း ရန်ကုန်မြို့တွင် အောက်တိုဘာ ၁ ရက်က လူထုလမ်းလျှောက်ပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ-ကြည်နိုင်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း ရန်ကုန်မြို့ သခင်မြပန်းခြံမှ မဟာဗန္ဓုလပန်းခြံသို့ ပြည်သူ ၅၀၀ မှ ၇၀၀ ခန့်သည် အောက်တိုဘာ ၁ ရက် ညနေ ၃ နာရီခန့်က လူထုလမ်းလျှောက်ပွဲ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသော လူထုလမ်းလျှောက်ပွဲတွင် ပါဝင်သော ပြည်သူများသည် ညနေ ၂ နာရီခန့်မှစ၍ သခင်မြပန်းခြံတွင် လူစုပြီး ၃ နာရီခန့်တွင် သခင်မြပန်းခြံမှတစ်ဆင့် ကမ်းနားလမ်း၊ မဟာဗန္ဓုလလမ်အတိုင်း ရန်ကုန်မြို့တွင်းကိုဖြတ်၍ မဟာဗန္ဓုလ ပန်းခြံရှေ့အထိ လမ်းလျှောက်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို နိုင်ငံတကာ သံတမန်တွေရဲ့ ကြားထဲမှာ သံခင်းတမန်ခင်း လှလှပပ ခင်းကျင်းပြီးတော့ သံတမန်နည်းလမ်းတွေကို ကျွမ်းကျင်စွာ ကိုယ်တွယ်ဖြေရှင်းသွားတဲ့ သူ့ရဲ့ဉာဏ်ပညာနဲ့ သမာသမတ်ကျမှု  ကိုယ်ကျင့်တရားကို လေးစားလို့ ထောက်ခံတဲ့ပွဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ပြည်သူနဲ့ ခေါင်းဆောင် တစ်သွေးတစ်သားတည်း ရှိတယ်။ အောက်စဖို့ဒ် တက္ကသိုလ်က ပန်းချီဖြုတ်ချလိုက်လို့ ကျွန်တော်တို့ ရင်ဘတ်ထဲက သူ့ဂုဏ်သိက္ခာနဲ့ပုံရိပ် ပြုတ်မကျသွားဘူး။ ပျောက်ပျက်မသွားဘူး” ဟု အဆိုပါပွဲ ဖြစ်မြောက်ရေးတွင် ပါဝင်သော ကိုမန်းအောင်နိုင်ကြည်က ပြောကြားသည်။

ယခုပြုလုပ်သော လူထုထောက်ခံပွဲသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် အနေဖြင့် ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ပထမအကြိမ်ကို စက်တင်ဘာ ၂၄ ရက်က မဟာဗန္ဓုလ ပန်းခြံရှေ့တွင်ပင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံသည့်ပွဲသို့ ပူးပေါင်းပါဝင်လာသော ပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံနှင့် “We Stand With Aung San Suu Kyi၊ အမေစု ကျန်းမာပါစေ” စာသားပါ ဗီနိုင်းများ ကိုင်ဆောင်၍ လည်းကောင်း၊ ‘အမေစုနှင့်အတူ’ ဟူသည့် စာသားပါဝင်သော နဖူးစည်းများ၊ လက်ပတ်များ ချည်နှောင်၍ လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်များ ဝတ်ဆင်၍လည်းကောင်း ပါဝင်ခဲ့ကြသည်။

ထို့ပြင် ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်တွင် ထားရှိရာမှ ဖယ်ရှားခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကို လူတစ်ရပ်ခန့် ဗီနိုင်းထုတ်ပြီး ထောက်ခံပွဲတွင် ပါဝင်သော ပြည်သူများက ကိုင်ဆောင်၍ ပါဝင်ခဲ့ကြကြောင်း သိရသည်။

ပူးပေါင်ပါဝင်လာသော ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အ၀ ထောက်ခံ၊ ယုံကြည်မှု ရှိကြောင်းနှင့် ကျန်းမာရေး ကောင်းမွန်စေလို ကြောင်းကိုလည်း ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက နိုင်ငံတော်အခြေပြ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး အဆိုပါမိန့်ခွန်းကို ရန်ကုန်မြို့တော်ခန်းမတွင် တပ်ဆင်ထားသော LED ဘုတ်မှတစ်ဆင့် ပြသခဲ့ရာ ပြည်သူထောင်နှင့်ချီ လာရောက် နားထောင်ခဲ့ကြပြီး တစ်နိုင်ငံလုံးမှ မြို့ကြီးများကလည်း ယင်းမိန့်ခွန်း ပြောကြားမှုကို LED ဘုတ်မှတစ်ဆင့် ပြသခဲ့ကြသည်။

 

Most Read

Most Recent