မျိုးသုဉ်းရန် နီးကပ်နေသော ဟိမဝန္တာ ဝက်ဝံများကို တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့ရောင်းချမှု မြင့်မားနေသဖြင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်နေ

မျိုးသုဉ်းရန် နီးကပ်နေသော ဟိမဝန္တာ ဝက်ဝံများကို တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့ရောင်းချမှု မြင့်မားနေသဖြင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်နေ
Published 2 October 2017

ဟုမ္မလင်းမြို့နယ် ကက်သာကျေးရွာ ရွှေဘုံသာ ဘုန်းတော်ကြီးကျောင်း၌ မွေးမြူစောင့်ရှောက်ထားသော ဟိမဝန္တာဝက်ဝံ နှစ်ကောင်အား တွေ့ရစဉ်

မျိုးသုဉ်းရန် နီးကပ်နေသာ ဟိမဝန္တာဝက်ဝံများကို တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့ရောင်းချမှု မြင့်မားနေသဖြင့် ကာကွယ်စောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ဟိမဝန္တာဝက်ဝံမျိုးစိတ်များသည် မျိုးသုဉ်းရန်နီးကပ်နေသော မျိုးစိတ်များဖြစ်ပြီး သည်းခြေရယူလိုမှုအပြင် တရုတ်နိုင်ငံတွင် ဝက်ဝံများ၏ ခြေလက်များကို စားသုံးမှု မြင့်မားလာခြင်းကြောင့်  တရားမဝင် တင်ပို့ရောင်းချမှု မြင့်မားလာသဖြင့် လျင်မြန်စွာ ကာကွယ်စောင့်ရှောက်ရန် လိုအပ်လာခြင်း ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) မှ ဦးအောင်ကျော်၏ ပြောကြားချက်အရ သိရသည်။

“အဓိက ဝက်ဝံတွေ သတ်ဖြတ်ခံရတာတော့ သူတို့ရဲ့ သည်းခြေတွေကို လိုချင်လို့ပါ။ ဟိုးတုန်းကတော့ အဲဒီလိုသတ်ဖြတ်တာတွေ ရောင်းဝယ်တာတွေ နည်းပါတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ တရုတ်က အကုန်ဝယ်လာတယ်။ ဝက်ဝံသည်းခြေကိုလည်း ဈေးကောင်း ပေးဝယ်တယ်။ သည်းခြေတင် မဟုတ်ဘူး။ ဝက်ဝံခြေလက်တွေကိုပါ ဝယ်လာတယ်။ ဝက်ဝံခြေလက်တွေကိုစားရင် သူတို့အတွက် ကျန်းမာရေး ကောင်းတယ်ဆိုတဲ့ အယူအဆတွေနဲ့ ဝယ်တဲ့အခါကျတော့ ဒီဝက်ဝံတွေကို သတ်ဖြတ်မှုတွေ ပိုများလာတယ်။ မြန်မာနိုင်ငံမှာ ဟိမဝန္တာဝက်ဝံကောင်ရေ ဘယ်လောက်ရှိသလဲဆိုတာ အတိအကျ စာရင်းမကောက်ယူ နိုင်သေးပေမဲ့ ဒီအကောင်တွေဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် မျိုးသုဉ်းဖို့ အလွန်ကပ်နေတဲ့ အကောင်တွေဖြစ်လို့ ဒီလိုသတ်ဖြတ် ရောင်းဝယ်နေတာတွေကို အလျင်အမြန် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်နေပြီ” ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) မှ ဦးအောင်ကျော်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် မလေးဝက်ဝံနှင့် ဝက်ဝံကြီး (ဟိမဝန္တာဝက်ဝံ) ဟူ၍ဝက်ဝံမျိုးစိတ်နှစ် မျိုးရှိပြီး ဟိမဝန္တာဝက်ဝံ၏ ရင်ဘတ်ပေါ်တွင်V (ဗွီ-ပုံသဏ္ဌာန်) အမှတ်အသားရှိကြောင်း သိရသည်။ သစ်တောပြုန်းတီးမှုကြောင့် ဝက်ဝံများ၏ စားကျက်မြေများ ရှားပါးလာသဖြင့် ဝက်ဝံများမှာ အစာရှာဖွေရင်း လူနေထိုင်ရာ ကျေးရွာများသို့ မျက်စိလည် ရောက်ရှိလာခြင်းများ ယခုနောက်ပိုင်း၌ ကြုံတွေ့လာရကြောင်းလည်း သိရသည်။

“သစ်တောပြုန်းတီးလာတာ၊ တောထဲကို လူတွေအရောက်အပေါက် များလာပြီး သူတို့ရဲ့စားကျက်မြေတွေကို အနှောင့်အယှက် ပေးခံရတာတွေကြောင့် လူတွေနဲ့ဝေးတဲ့နေရာကိုရှောင်ရင်း တောနဲ့ဆက်စပ်နေတဲ့ ရွာတွေထဲကို မျက်စိလည်ပြီး ရောက်သွားတာ ရှိသလို အစာရှာရင်း ရှာရင်းနဲ့ တောထဲကနေလွန်ပြီး ရွာတွေထဲကို ရောက်သွားတာမျိုးတွေ ရှိလာတယ်။ ဒါကို ကျွန်တော်တို့ကတော့ အစာရှာရင်းနဲ့ နယ်ကျွံတယ်လို့ ခေါ်တယ်” ဟု ဦးအောင်ကျော်က ပြောကြားသည်။

ထိုသို့ နယ်ကျွံရောက်ရှိလာသော တောရိုင်းတိရစ္ဆာန်များကို ၎င်းတို့နေထိုင်ရာ တောထဲသို့ နည်းစနစ်တကျ ပြန်လည်မောင်းပေးရန် လိုအပ်ကြောင်း သိရသည်။

“ဟိုတလောကဆိုရင် ဂန့်ဂေါဘက်မှာ ရွာထဲကို ရောက်လာတဲ့ ဟိမဝန္တာဝက်ဝံကို ရွာသားတွေက တောထဲပြန် မောင်းထုတ်ရင်း မတော်တဆ သတ်မိလိုက်တာရှိတယ်။ စားကျက်လွန်ပြီး ရွာထဲကိုရောက်လာတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ပြန်မောင်းထုတ်တဲ့အခါ ပြန်လမ်းဖွင့်ပေးပြီး ပြန်မောင်းပေးရတယ်။ ဒီလို ပြန်လမ်းမဖွင့်ပေးဘဲ လူအုပ်ကြီးနဲ့ဝိုင်းပြီး မောင်းထုတ်တဲ့အခါ တိရစ္ဆာန်တွေက ထွက်ပေါက်မရှိတော့ လူကိုပြန်ပြီး ရန်မူတာတို့ အန္တရာယ်ပြုတာတို့ လုပ်တဲ့ခါ လူတွေကလည်း ပြန်ကာကွယ်ရင်း ထိခိုက်ဒဏ်ရာ ရတာတို့ တိရစ္ဆာန်ကို မတော်တဆ သတ်မိလိုက်တာတို့ ရှိတယ်။ ဒီလို စားကျက်လွန်ပြီး ရောက်လာတဲ့ တိရစ္ဆာန်တွေကို ဘယ်လိုပြန်မောင်းထုတ်ရမယ်ဆိုတာ သစ်တောဌာနနဲ့ တိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်း လုပ်နေတဲ့ အဖွဲ့အစည်းတွေကနေပြီး ဒေသခံတွေကို ပညာပေးလုပ်ငန်းတွေ လုပ်ပေးဖို့ လိုအပ်တယ်” ဟု ဦးအောင်ကျော်က ပြောကြားသည်။

ဟိမဝန္တာဝက်ဝံများသည် အင်တိုင်းတော၊ အမြဲစိမ်းတော၊ ရွက်ပြတ်ရောနှောတောများရှိသော တောနက်သည့် ဒေသများတွင် နေထိုင်လေ့ရှိပြီး မြန်မာနိုင်ငံတွင် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ ရခိုင်ရိုးမနှင့် ထမံသီ ဘေးမဲ့တောများတွင် တွေ့ရှိရ ကြောင်း သိရသည်။

Most Read

Most Recent