မိတ္ထီလာမြို့ စည်ပင်သာယာရေး နယ်နိမိတ်မြေပုံအား မောင်းသူမဲ့ လေယာဉ်များဖြင့် တိုင်းတာမှုလုပ်ငန်းစတင်

မိတ္ထီလာမြို့ စည်ပင်သာယာရေး နယ်နိမိတ်မြေပုံအား မောင်းသူမဲ့ လေယာဉ်များဖြင့် တိုင်းတာမှုလုပ်ငန်းစတင်
Published 2 October 2017

မောင်းသူမဲ့လေယာဉ်ဖြင့် တိုင်းတာမှု ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဝဏ္ဏ)

မိတ္ထီလာမြို့ စည်ပင်သာယာရေး နယ်နိမိတ် မြေပုံအား မောင်းသူမဲ့လေယာဉ်များဖြင့် တိုင်းတာမှုလုပ်ငန်းများ စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

“မောင်းသူမဲ့ လေယာဉ်တွေနဲ့ပျံသန်းပြီး မိတ္ထီလာ စည်ပင်သာယာရေး နယ်နိမိတ်မြို့ မြေပုံထုတ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနက နည်းပညာ အကူအညီပေးပြီး စည်ပင်သာယာကော်မတီက လိုအပ်တဲ့ ပံ့ပိုးမှုတွေလုပ် ပေးပါတယ်။ ကျွန်တော်တို့အနေနဲ့ မောင်းသူမဲ့ လေယာဉ်အမျိုးအစား နှစ်မျိုးနဲ့ မောင်းသူမဲ့ လေယာဉ်နှစ်စင်း အသုံးချ ပျံသန်းမှာ ဖြစ်ပါတယ်။ မြို့ဧရိယာ လူနေထူထပ်တဲ့ နေရာတွေမှာ ပန်ကာခြောက်လက်တက်၊ ပန်ကာရှစ်လက် တက်မောင်းသူမဲ့လေယာဉ် နှစ်စင်းအသုံးပြု ပျံသန်းသွားမှာ ဖြစ်ပါတယ်။ မြို့ဧရိယာ ကျယ်တဲ့နေရာမှာ လက်ပစ်မောင်းသူမဲ့ လေယာဉ်အမျိုးအစားတွေနဲ့ ပျံသန်းတိုင်းတာမှာပါ။ ကျွန်တော့် လေယာဉ်ပျံတွေက တစ်ကြိမ်ပျံသန်းရင် ဧက ၄၀၀ ကနေ ဧက ၅၀၀ အထိ ပျံသန်းတိုင်းတာနိုင်မှာ ဖြစ်ပါတယ်။ ကွန်တိုလိုင်းပါတဲ့ တိကျတဲ့ မြေပုံတွေရရှိမှာ ဖြစ်ပါတယ်။ မြေပြင်ဂျီပီအက်စ် အမှတ်အသားတွေ ချထားတဲ့ တိကျတဲ့ မြေပုံတွေ ရရှိနိုင်မှာပါ။ မြေပုံရဲ့တိကျမှုကတော့ 4 cm ကနေ 8 cm ထိရရှိမှာဖြစ်ပြီး ကြည်လင်ပြတ်သားမှုကတော့ 4 cm ထိရရှိမှာ ဖြစ်ပါတယ်။ မောင်းသူမဲ့ လေယာဉ်တွေက အမြင့်မီတာ ၃၀၀ ကနေ ပျံသန်းမှာဖြစ်ပြီးတော့ ဧက ၃၀၀ ကနေ ၅၀၀ ထိ တိုင်းတာသွားမှာပါ။ မြေပုံထုတ်နိုင်ဖို့ထိ နှစ်လလောက် ကြာမယ်လို့ ခန့်မှန်းသတ်မှတ်ပါတယ်” ဟု မြန်မာနိုင်ငံ လေကြောင်းနှင့် အာကသပညာ တက္ကသိုလ် မောင်းသူမဲ့ လေယာဉ် သုတေသနဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာသဲမောင်မောင်က ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ မိတ္ထီလာမြို့ စည်ပင်သာယာရေး မြေပုံထုတ်နေတာပါ၊ အရင်တုန်းက မြေပုံတွေနဲ့စာရင် ဒီကမြေပုံတွေက တိကျပြီး ခေတ်မီတဲ့ မြေပုံတွေ ထွက်လာမှာပါ၊ ခုထွက်လာမယ့် မြေပုံကို အသုံးပြုပြီး လမ်းဖောက်တာတွေ၊ ရေမြောင်းစနစ်တွေ မြို့ပြအစီအမံတွေ၊ တည်ဆောက်ရေး လုပ်ငန်းတွေ၊ ရေပေးရေး လုပ်ငန်းတွေ ဘာပဲလုပ်လုပ် အသုံးဝင်မှာပါ၊ ကောင်းကင်မြေပုံ ဖြစ်တဲ့အတွက် ပိုမိုတိကျပြီး မြို့ပြဖွံ့ဖြိုး တိုးတက်မှု ပိုမိုလုပ်ဆောင်နိုင်မှာပါ” ဟု မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

မိတ္ထီလာမြို့စည်ပင်သာယာရေး နယ်နိမိတ်အား မောင်းသူမဲ့လေယာဉ်ဖြင့် မြေပုံတိုင်းတာ ပျံသန်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ အဆိုပါ မြေပုံတိုင်းတာခြင်းအား မြန်မာနိုင်ငံ လေကြောင်းနှင့် အာကသပညာ တက္ကသိုလ် မောင်းသူမဲ့လေယာဉ် သုတေသနဌာနနှင့်  မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ မြေပုံလုပ်ငန်းများ ပြီးစီးပါက မြို့ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent