ရေစကြိုမြို့နယ်အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာများတွင် မြစ်ရေကျဆင်းပြီးနောက် ကမ်းပြိုမှု ပြန်လည်ကြုံတွေ့ပြီး နေအိမ်များရွှေ့ပြောင်းနေရ

ရေစကြိုမြို့နယ်အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာများတွင် မြစ်ရေကျဆင်းပြီးနောက် ကမ်းပြိုမှု ပြန်လည်ကြုံတွေ့ပြီး နေအိမ်များရွှေ့ပြောင်းနေရ
Published 1 October 2017

ရေစကြိုမြို့နယ် ပေါက်တောကျွန်း ကျေးရွာတွင် ကမ်းပြိုမှုကြောင့် နေအိမ်များ ရွှေ့ပြောင်းနေရသည်ကို တွေ့ရစဉ်

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာ များတွင် စက်တင်ဘာနောက်ဆုံး ပတ်မှစ၍ မြစ်ရေကျဆင်းလာပြီးနောက် ကမ်းပြိုမှု ပြန်လည်ကြုံတွေ့ ပြီး လူနေအိမ်များ ရွှေ့ပြောင်းမှုပြု လုပ်နေရကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်းနံဘေး ချင်းယား၊ ဇရပ်နီ၊ ပေါက်တောကျွန်း၊ နွယ်နီကျွန်းနှင့် ဧရာဝတီမြစ်ကမ်းနံဘေးရှိ ဗလဗကျေးရွာတို့တွင် ကမ်းပြိုမှုများ ကြုံတွေ့ရနေပြီး ယခုနှစ်မြစ်ရေတက် ကာလမှစ၍ လက်ရှိရေကျကာလအထိ အိမ်ခြေ ၁၅၀ နီးပါး ရွှေ့ပြောင်းထားရကြောင်း သိရသည်။

“ရေပြန်ကျသွားတော့ ရေစီးကြောင်း အနေအထားကြောင့် ကမ်းပြန်ပြိုတာတွေ ဖြစ်လာပါတယ်။ မနေ့က ချင်းယားရွာမှာ ငါးအိမ်လောက် ထပ်ရွှေ့ရတယ်။ ကမ်းဆက်တိုက် ပြိုနေတဲ့ ပေါက်တောကျွန်းရွာက တော့  အရင်သုံးရက်လောက်က ကမ်းပြိုလို့အိမ်တွေရွှေ့ပြီး နောက်ပိုင်း ကမ်းပြိုတာရပ်သွားတယ်။ ကမ်းပြို တဲ့ရွာတွေက အိမ်ထောင်စုတွေကို အကူအညီပေးဖို့ စီစဉ်နေပါတယ်။ FAO အစီအစဉ်နဲ့ ကမ်းပြိုအိမ်ထောင်စုတွေက လူတစ်ယောက်ကို ကျပ် ၂၆၀၀၀ စီ ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။ လူဦးရေ သုံးယောက်၊ လေးယောက်လောက်ရှိတဲ့ အိမ်တွေ ကတော့ ထောက်ပံ့ငွေအပြည့်ရပါ မယ်။ တစ်အိမ်တည်း ကိုးဦးလောက် ရှိနေတဲ့ အိမ်တွေကတော့ ခြောက်ဦး ဒါမှမဟုတ် ခုနစ်ဦးလောက်အတွက် ရပါမယ်” ဟု ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဌေးအောင်က ပြောကြားသည်။

ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် အိမ်ခြေ ၆၀ ကျော် ရွှေ့ပြောင်းထားသည့် ဗလဗကျေးရွာမှာ ကမ်းပြိုမှု ရပ်တန့်ရန်အတွက် ရပ်ရွာလုပ်အားဖြင့် ကမ်းပါးခြေအား သဲအိတ်၊ သစ်ကိုင်းများဖြင့် ကမ်းပြိုမှု ကာကွယ်ရေး လုပ်ဆောင်ထားသည့်အတွက် ကမ်းပြိုမှု ရပ်တန့်နေကြောင်း သိရသည်။

“ကမ်းပါးခြေကို သဲအိတ်တွေ၊ သစ်ကိုင်းတွေကို ကြိုးချည်ပြီးလှိုင်း ရိုက်သက်သာအောင် ချလိုက်တယ်။ လူအား၊ ငွေအား အတော်ကုန်တယ်။ လူကတော့ ရွာရှိလူကုန် ထွက်ရတယ်။ ငွေလည်း သိန်း ၅၀ လောက်ကုန်သွားပြီ။ ကမ်းပြိုတာလည်း ရပ်သလောက်ပဲ။ ကျွန်တော်တို့ရွာ အောက်ဘက်က ရွာတွေမှာတော့ ကမ်းပြိုတာတွေ ဖြစ်နေတယ်။ ကွေ့ထောင့် ရွာသွားတဲ့လမ်းဆို ကမ်းပါးပြိုတဲ့ထဲ ပါသွားပြီ။ အဲဒီရွာတွေ ဘက်မှာတော့ အတော်ပြိုနေတယ်” ဟု ရေစကြိုမြို့နယ် ဗလဗကျေးရွာမှ ကိုနီလုံးက  ပြောကြားသည်။

ရေစကြိုမြို့နယ်အတွင်း ကမ်းပြိုမှု ကြုံတွေ့နေရသည့် ကျေးရွာများ၌ လူနေအိမ်များ ရွှေ့ပြောင်းရသည့်အပြင် စိုက်ပျိုးမြေအများအပြား ပြိုကျပျက်စီးခဲ့သည့်အတွက် လုပ်စားမြေရှားပါးမှုပါ ကြုံတွေ့လာရပြီး ရွာရှိလူငယ်များ နိုင်ငံရပ်ခြားသို့ သွားရောက်လုပ်ကိုင်မှုမြင့်တက်နေ ကြောင်း သိရသည်။

စက်တင်ဘာလဆန်းကလည်း ရေစကြိုမြို့နယ်အနီး ချင်းတွင်းမြစ် ရေမြင့်တက်လာသည့်အတွက် စပါးစိုက်ပျိုးပြီး ဧက ၃၀၀၀ ကျော် မြစ်ရေ နစ်မြုပ်မည့် အခြေအနေနှင့် ကြုံတွေ့နေခြင်းကြောင့် ဒေသခံများစုပေါင်း၍ ရေဝင်ပေါက်များအား သဲအိတ်နှစ်သောင်းကျော်ဖြင့် ကာကွယ်ခဲ့ရကြောင်း သိရသည်။

လာမည့်ရေနည်း ကာလတွင် ကမ်းပြိုမှုကြုံတွေ့နေရသည့် ရေစကြိုမြို့ ထင်းတန်းရပ်ကွက် ကမ်းပြိုမှု ကာကွယ်ရေးအတွက် ကျပ်သန်း ၅၃၀ ကုန်ကျမည့် ရေကာတာတစ်ခု ထပ်မံတည်ဆောက်မည်ဖြစ်ပြီး အခြားကမ်းပြိုမှု ကြုံတွေ့နေရသည့် ကျေးရွာများတွင်လည်း ကမ်းပြိုကာကွယ်ရေး လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

 

Most Read

Most Recent