ကွန်ဗင်းရှင်းစင်တာ (မန္တလေး) ကြမ်းခင်းအက်ကွဲမှုကို X Ray ဖြင့် စစ်ဆေးရန် စီစဉ်လျက်ရှိပြီး အပေါ်ဆုံးအလွှာ အက်ကွဲမှု မဟုတ်ပါက လက်ခံမည် မဟုတ်ကြောင်း မြို့တော်ဝန် ပြောကြား

ကွန်ဗင်းရှင်းစင်တာ (မန္တလေး) ကြမ်းခင်းအက်ကွဲမှုကို X Ray ဖြင့် စစ်ဆေးရန် စီစဉ်လျက်ရှိပြီး အပေါ်ဆုံးအလွှာ အက်ကွဲမှု မဟုတ်ပါက လက်ခံမည် မဟုတ်ကြောင်း မြို့တော်ဝန် ပြောကြား
Published 1 October 2017

မြို့တော်စည်ပင်သို့ လွှဲပြောင်းရန် စီစဉ်နေသော ကွန်ဗင်းရှင်းစင်တာ (မန္တလေး) ကြမ်းခင်းအက်ကွဲမှုများကို တွေ့ရစဉ်

မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းအပ်နှံရန် လုပ်ဆောင်နေသော ကွန်ဗင်းရှင်းစင်တာ (မန္တလေး) အဆောက်အအုံ၌ သတ်မှတ်စံနှုန်း မမီခြင်းများအနက် ကြမ်းခင်းအက်ကွဲမှုကို X Ray စက်ဖြင့် စစ်ဆေးရန် စီစဉ်လျက်ရှိပြီး အပေါ်ဆုံးအလွှာအပိုင်း အက်ကွဲမှု မဟုတ်ပါက လုံးဝလက်ခံသွားမည် မဟုတ်ကြောင်း မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်း ကြားတွင်တည်ရှိသည့် နိုင်ငံတကာ အဆင့်မီ တည်ဆောက်နေသော Mandalay Convention Centre  အဆောက်အအုံကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် MIDG Co.,Ltd ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းအကောင်အထည် ဖော်နေခြင်းဖြစ်ပြီး New Star Light & C.A.D Construction Co.,Ltd တို့မှ တည်ဆောက်ရေးလုပ်ငန်းများ  လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိသည်။

လာမည့် အောက်တိုဘာ ၁၅ ရက်တွင် မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းအပ်နှံမည့် ကွန်ဗင်းရှင်းစင်တာ (မန္တလေး)အဆောက်အအုံနှင့် ပတ်သက်၍ စက်တင်ဘာ ၂၇ ရက်က သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ကြမ်းခင်းအက်ကွဲမှုများကို တွေ့ရှိကာ X Ray စက်ဖြင့် စစ်ဆေးသွားရန် စီစဉ်လျက်ရှိကြောင်း မြို့တော်ဝန်က ပြောကြားသည်။

“X-Ray စက်က ကျွန်တော်တို့ မြို့တော်စည်ပင်မှာတော့ မရှိဘူး။ ဒါပေမဲ့ ပြင်ပက ပညာရှင်တွေ အကူအညီ၊ ပြင်ပက စက်တွေနဲ့ စစ်ဆေးသွားမယ်။ အခုဟာကသွားပြီး စစ်ဆေးလိုက်တော့ ပြင်ဆင်ရမယ့် အပိုင်းတွေ အများကြီး တွေ့ရတယ်။ အကြိမ်ကြိမ်လည်း သွားစစ်ခဲ့ပြီး အကြိမ်ကြိမ်လည်း ပြင်ဆင်ဖို့ပြောခဲ့တယ်။ ဒါပေမဲ့ အခုထိ လုံးဝမပြင်ဆင်ဘဲ ထားတဲ့အပိုင်းတွေ ကျန်နေသေးတယ်။ ဒါပေမဲ့ လာမယ့် ၁၅ ရက်မှာ အပ်မယ်လို့ အားချင်းစီစဉ်လာလို့ သွားစစ်လိုက်တာ။ ကြမ်းခင်းအက်ကွဲတာတွေကို ဖာထေးထားတာမျိုး တွေ့ရတယ်။ လုံးဝလက်မခံနိုင်ပါဘူး။ ဒီအက်ကွဲမှုတွေက အပေါ်ယံအလွှာပဲလား။ ဒါမှမဟုတ် အတွင်းထဲအထိ လှိုက်နေသလားဆိုတာ X Ray နဲ့ စစ်ဆေးသွားမယ်” ဟု ဒေါက်တာရဲလွင်က ပြောကြားသည်။

“ကွန်ဗင်းရှင်းစင်တာက မြေညီထပ် Hall တစ်ခုပဲပါတယ်။ Expo စင်တာလား၊ ကွန်ဗင်းရှင်းစင်တာလားဆိုတာ မကွဲဘူး။ အခုပုံစံဒီဇိုင်းအတိုင်းက Expo စင်တာဆို လက်ခံလို့ရသေးတယ်။ ပြောရရင် ဒီဇိုင်းရော အရည်အသွေးပါ လက်ခံလို့မရဘူး။ အဆင့်မီ ကွန်ဗင်းရှင်းစင်တာရဲ့ အများသုံး သန့်စင်ခန်းက Sensor မပါဝင်တဲ့ သန့်စင်ခန်း မဟုတ်ဘူး။ ဒါကို အရင့်အရင်အခေါက် စစ်ဆေးတွေ့ရှိကတည်းက ပြင်ဆင်ခိုင်းထားပေမယ့် အခုထက်ထိမပြင်ဘူး။ အဲဒီလို ပြင်ဆင်ရမယ့် အဆင့်မမီတဲ့ အပိုင်းတွေ အများကြီး ကျန်သေးတယ်။ နောက်ပြီးစင်တာထဲမှာ တပ်ဆင်ထားတဲ့ စက်လှေကားက တကယ်တမ်းဆိုရင် အားလုံးတည်ဆောက် ပြီးစီးပြီဆိုမှ တပ်ဆင်ရမှာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်က Soft Opening (အကြိုဖွင့်ပွဲ) ဆိုပြီး အားချင်းလုပ်ဖို့အတွက် တပ်ဆင်ခဲ့တာကြောင့် အခုဆိုရင် စက်လှေကားထဲကို ဆောက်လုပ်ဆဲ အမှုန်အမွှား တွေကအစ ဝင်ကုန်တာကြောင့် အဟောင်းကြီးလို ဖြစ်နေပြီ။ မြင်မကောင်း ရှုမကောင်းအောင် အဟောင်းအစုတ်လိုဖြစ်တာ အရေးမကြီးပေမယ့် အဲဒါက အန္တရာယ် အရမ်းများတယ်။ တကယ်တမ်း စက်လှေကားဆိုတာ အားလုံးပြင်ဆင်ပြီး စီးပြီဆိုမှ နောက်ဆုံးတပ်ဆင်ရတဲ့ အရာပါ။ အခုတော့ Soft Opening လုပ်ဖို့အတွက် တပ်သွားကြတယ်” ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

ကွန်ဗင်းရှင်းစင်တာ အဆောက်အအုံမှာ မြေ ၂ ဒသမ ၃၈ ဧကပေါ် တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃ ရက်က စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အာစီသံဖရိန် လေးထပ်အဆောက်အအုံဖြစ်ကာ စီမံကိန်း ပထမအဆင့် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၇ သန်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ဗင်းရှင်းစင်တာ အကြိုဖွင့်ပွဲကို ၂၀၁၆ ခုနှစ် မတ် ၁၃ ရက်က ပြုလုပ်ခဲ့ပြီး ယင်းအချိန်က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် မြို့တော်ဝန် ဦးအောင်မောင်းတို့ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent