အောက်တိုဘာမှစ၍ ယာဉ်မောင်းလိုင်စင် ဖြေဆိုလိုသူများ အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်းနိုင်

အောက်တိုဘာမှစ၍ ယာဉ်မောင်းလိုင်စင် ဖြေဆိုလိုသူများ အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်းနိုင်
Published 1 October 2017

အောက်တိုဘာလမှစတင်ကာ ယာဉ်မောင်းလိုင်စင် ဖြေဆိုလိုသူများ အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ကြေညာထားသည်။

ယင်းအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြုလုပ်ခြင်းဖြစ်ပြီး ယာဉ်မောင်းလိုင်စင် ဖြေဆိုလိုသူများအနေဖြင့် www.rtad.gov.mm တွင် အောက်တိုဘာ ၉ ရက်ဖြေဆိုမည့် ရက်ချိန်းမှစ၍ Online Booking စနစ်ဖြင့် ကြိုတင်စာရင်းသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မောင်းလိုင်စင် ရယူလိုသူများ များပြားလျက်ရှိပြီး နေ့စဉ်တိုကင်ရယူရာတွင် စောင့်ဆိုင်းတိုးဝှေ့ ဆောင်ရွက်နေရသည့် အခက်အခဲအား ဖြေရှင်းပေးနိုင်ရန်အတွက် အွန်လိုင်းစနစ်ကို ပြောင်းလဲကျင့်သုံးရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်းခြင်းအား အောက်တိုဘာ ၁ ရက်တွင်စတင်၍ ပြောင်းလဲမည်ဖြစ်ကြောင်း၊ ယင်းစနစ်တွင် ယာဉ်မောင်းလိုင်စင် ဖြေဆိုရန်အတွက် တစ်ရက်လျှင် အသစ်ဖြေဆိုသူ ၄၀၀ အထိ အချိန်များခွဲ၍ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အွန်လိုင်းမှတစ်ဆင့် ယာဉ်မောင်းလိုင်စင် ဖြေဆိုလိုသူများမှာ အနည်းဆုံးသုံးရက်မှ တစ်လအထိ ကြိုတင် Booking ရယူနိုင်ပြီဖြစ်ပြီး အသေးစိတ် အချက်အလက်များကို www.myanmarrtad.comwww.motc.gov.mmwww.rtad.gov.mm များတွင်လည်းကောင်း၊ Shwemyin thar Facebook တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

မရှင်းလင်းသည်များရှိပါက ရုံးချုပ် (နေပြည်တော်) ဖုန်းအမှတ် ၀၆၇-၃၄၀၅၃၅၉၊ ၀၆၇-၃၄၀၅၀၉၉ နှင့် တိုင်းဒေသကြီးရုံး (ရန်ကုန်) ဖုန်းအမှတ် ၀၁-၅၇၀၉၆၇၊ တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး) ဖုန်း ၀၁-၂၅၈၅၀၈၂ များသို့ ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။