မောင်တော၊ ဘူးသီးတောင်ဒေသခံများ နေရပ်ပြန်သူ တစ်နေ့လျှင် ၂၀၀ နီးပါး ရှိလာပြီး နေရပ်ပြန်သူများအား ကြက်ခြေနီလှုပ်ရှားမှု အဖွဲ့က ငွေကြေးထောက်ပံ့

မောင်တော၊ ဘူးသီးတောင်ဒေသခံများ နေရပ်ပြန်သူ တစ်နေ့လျှင် ၂၀၀ နီးပါး ရှိလာပြီး နေရပ်ပြန်သူများအား ကြက်ခြေနီလှုပ်ရှားမှု အဖွဲ့က ငွေကြေးထောက်ပံ့
Published 1 October 2017

 

မောင်တော၊ ဘူးသီးတောင်ဒေသခံများ နေရပ်ပြန်သူ တစ်နေ့လျှင် ၂၀၀ နီးပါးရှိလာပြီး နေရပ်ပြန်သူများအား ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့က ငွေကြေးထောက်ပံ့နေကြောင်း သိရသည်။

စစ်တွေမှတစ်ဆင့် ပြန်လာသည့် နေရပ်ပြန်သူများကို ဘူးသီးတောင်ဆိပ်ကမ်းတွင်  ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့က ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး မိသားစုဝင်တစ်ဦးလျှင် ကျပ် ၄၅၀၀၀ စီ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ မှူး ဦးကျော်မြင့်ဝေက “မောင်တော၊ ဘူးသီးတောင်က ထွက်ပြေးသွားတဲ့ လူတွေပြန်လာတဲ့ အချိန်မှာ ဒီမိသားစုတွေ အဆင်ပြေအောင်ဆိုပြီး ကျွန်တော်တို့ကနေပြီးတော့ မိသားစုဝင် တစ်ယောက်ချင်းစီကို  ကျပ် ၄၅၀၀၀ စီ ထောက်ပံ့နေပါတယ်။ ဒီလှုပ်ရှားမှုကတော့ ကြက်ခြေနီ လှုပ်ရှားမှုအနေနဲ့ လုပ်နေကြတာ ဖြစ်ပါတယ်။ သွားရေးလာရေး အဆင်ပြေအောင် ထောက်ပံ့ငွေတွေကို ပေးနေတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ကြက်ခြေနီ လှုပ်ရှားမှုအဖွဲ့အနေဖြင့် စက်တင်ဘာ ၂၉ ရက်နှင့် စက်တင်ဘာ ၃၀ ရက်တွင် နေရပ်ပြန်လာသူ ၃၇၀ ကျော်ကို ငွေသားထောက်ပံ့ပြီးဖြစ်ကာ ဆက်လက်၍လည်း ထောက်ပံ့သွားမည်ဖြစ်သည်။

“မနေ့ကဆိုရင် လူဦးရေ ၂၂၂ ယောက်ကို  ကျပ်သိန်း ၉၀ ကျော် ထောက်ပံ့ပြီးဖြစ်ပြီးတော့ ဒီကနေ့မှာလည်း သင်္ဘောမှာ ၁၅၀ ပါလာတယ်လို့ ကျွန်တော်တို့ စာရင်းအရ သိရပါတယ်။ နေရပ်စွန့်ခွာလူတွေ ပြန်လာတာကတော့ မောင်တောမှာ နည်းနည်း တည်ငြိမ်စ ပြုတယ်လို့ ပြောသံကြားတဲ့အတွက် ပြန်လာကြတာပါ။ ပြန်လာတာကတော့ မနေ့ကနဲ့ ဒီကနေ့ဆိုရင် လူပေါင်း ၃၀၀ ကျော် ရှိနေပါပြီ။နောက်လည်း ပြန်လာတဲ့သူတွေကို ဆက်လက် ပံ့ပိုးပေးဖို့ အစီအစဉ်ရှိပါတယ်”ဟု ဘူးသီးတောင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့်ဝေက ပြောကြားသည်။

နေရပ်ပြန်လာကြသူများတွင် မောင်တော တောင်ပိုင်း မောရဝတီ၊ ကံသာယာ၊ မောင်တောမြောက်ပိုင်း အောင်မင်္ဂလာ စသည့် ကျေးရွာသားများဖြစ်ပြီး ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံခဲ့သူများကို အပြန်အမြန်ရေယာဉ်လက်မှတ်နှင့် ငွေကြေးထောက်ပံ့ပေးခြင်းများလည်း ရှိကြောင်း သိရသည်။

“ကျွန်မတို့က မောင်တောတောင်ပိုင်း  မောရဝတီကျေးရွာကပါ။ စစ်တွေ အလိုတော်ပြည့် ကျောင်းကယ်ဆယ်ရေးစခန်းမှာ နှစ်ပတ်လောက် နေခဲ့ရပါတယ်။ အခုတော့ ရွာအခြေအနေတည်ငြိမ်နေပြီဆိုလို့ ပြန်လာတာပါ။ပြန်လာသူတွေကို အမြန်ရေယာဉ်လက်မှတ် နဲ့ ငွေကြးထောက်ပံ့ပါတယ်။ ဘူးသီးတောင်ကို ရောက်ရင်လည်း ကြက်ခြေနီက တစ်ယောက်စီကို ငွေ ၄၅၀၀၀ ထောက်ပံ့ပါတယ်။ ကျွန်မတို့မှာ မိသားစုလေးယောက်ဖြစ်လို့ ၁၈၀၀၀၀ ရပါတယ်။ ပြန်သာပြန်လာရတယ်။ ရင်တထိတ်ထိတ်ပါပဲ။ ဒါပေမဲ့ ကယ်ဆယ်ရေး စခန်းမှာလည်း နေရတာကြာလာတော့ အိမ်ပြန်ချင်ပြီလေ။ မောင်တောအခြေအနေက ဘင်္ဂါလီတွေ ငြိမ်နေရင် ငြိမ်တယ်လို့ပြောရမယ်။ သူတို့ လာလုပ်တဲ့အချိန်ကိုမှ မသိတာလေ”ဟု စက်တင်ဘာ ၃၀ ရက်က စစ်တွေမှ နေရပ်ပြန်သူ မောရဝတီကျေးရွာမှ မအေး အေးက ပြောကြားသည်။

လက်ရှိတွင် နေရပ်ပြန်လာသူများ နေ့စဉ်ရက်ဆက် ရှိနေပြီဖြစ်ရာ စစ်တွေမြို့ ကူညီကယ်ဆယ်ရေးစခန်း ၃၀ ကျော်တွင် လူဦးရေ ၆၀၀၀ နီးပါးရှိခဲ့ရာမှ လက်ရှိတွင် လူဦးရေ ၄၀၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။

Most Read

Most Recent