ယခုနှစ် ခုနစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ အရက်အမူးလွန်သေဆုံးသူ ၁၂၁ ဦးရှိကြောင်း သိရ

ယခုနှစ် ခုနစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ အရက်အမူးလွန်သေဆုံးသူ ၁၂၁ ဦးရှိကြောင်း သိရ
Published 1 October 2017

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း၍ ယခုနှစ် ခုနစ်လအတွင်း အရက်အမူးလွန် သေဆုံးသူဦးရေ ၁၂၁ ဦးရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်ပွားမှုစာရင်းမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအစမှ သြဂုတ်လကုန်အထိ အရက်အမူးလွန် သေဆုံးသူစာရင်းဖြစ်ပြီး ဇန်နဝါရီလတွင် ၁၆ ဦး၊ ဖေဖော်ဝါရီလတွင် ၁၃ ဦး၊ မတ်လတွင် ၂၃ ဦး၊ ဧပြီလတွင် ၂၄ ဦး၊ မေလတွင် ၂၁ ဦး၊ ဇွန်လတွင် ၁၂ ဦး၊ ဇူလိုင်လတွင် ၁၀ ဦး၊သြဂုတ်လတွင် နှစ်ဦးတို့ဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၈ ရက်က ဒဂုံအရှေ့ မြို့နယ်ရှိ ရေမြောင်းတစ်ခုအတွင်း၌ အသက် ၃၉ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ပြင်ပ ဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးနေသည်ကို သတင်းရသဖြင့် ရဲတပ်ဖွဲ့ကစစ်ဆေးရာ အဆိုပါ အမျိုးသားမှာ အရက်အလွန်အကျွံသောက် စားတတ်သူတစ်ဦးဖြစ်ပြီး အရက်မသောက်ဘဲဖြတ်ထားသည်မှာ ၁၀ ရက်ခန့်ရှိပြီဖြစ်ကြောင်း၊ အရက်ဖြတ်ထားသဖြင့် စိတ်ကယောင်ချောက်ချားဖြစ်ကာ ရေထဲသို့ခုန်ချလေ့ရှိသူ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ ရှိခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက် နံနက် ၅ နာရီခွဲကလည်း မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည့် ရဲတပ်ကြပ်တစ်ဦးသည် ၎င်းနေထိုင်သည့် နေအိမ်လိုင်းခန်းသို့ ပြန်သွားခဲ့ရာ အရှည်ငါးပေခွဲ၊ အကျယ်နှစ်ပေခွဲခန့်ရှိသည့် သစ်သားတံတားပေါ်၌ လမ်းလျှောက် စဉ် အမူးလွန်ပြီး ရေမြောင်းအတွင်းသို့ ပြုတ်ကျခဲ့ကာ ရုတ်တရက်ပြန်မတက်နိုင်ဘဲ ရေနစ် သေဆုံးခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဈေးကွက်အတွင်း တရားဝင် ၊ တရားမဝင်ရောင်းချသော အရက်တံဆိပ်ပေါင်း ၁၃၀ ကို စစ်ဆေးခဲ့ရာ  အရက်ဆီများတွင် အန္တရာယ်ရှိ Methyl Alcohol နှင့် Fusel Oil များ လွန်ကဲစွာပါဝင်နေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြီးခဲ့သည့် သြဂုတ်လအတွင်းက သတင်း ထုတ်ပြန်ခဲ့သည်။

အရက်မသောက်ရ မနေနိုင်သည့် အရက်စွဲရောဂါရှိသူများ အပါအဝင် အရက် ကို စွဲစွဲမြဲမြဲသောက်သူများသည် အရက်ကြောင့် အစားဝင်သည့်လမ်းကြောင်း အာခံတွင်းမှစ၍ အစာမျိုသည့်ပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမမှ အသည်း၊ ကဆီအိမ်(ပန်ကရိယ)ကျောက်ကပ် စသည့် အရေးကြီး အစိတ်အပိုင်းများကို အရက်၏အဆိပ်ကြောင့် ပျက်စီးစေကြောင်းနှင့် ထိုအင်္ဂါ အစိတ်အပိုင်းများ သာမက ဦးနှောက်နှင့် အာရုံကြောများကိုပါ ထိခိုက်စေကြောင်း သိရသည်။

 

 

Most Read

Most Recent