ကျောက်တံတားမြို့နယ်ရှိ ၃၈ လမ်းပျံကျဈေး၊ ဆေးဆိုင်၊ အလှကုန်ဆိုင်များကို FDA က ရှောင်တခင်စစ်ဆေးရာ တားမြစ်အလှကုန်များ ရောင်းချနေ၍ ပစ္စည်းသိမ်းဆည်းအရေးယူ

ကျောက်တံတားမြို့နယ်ရှိ ၃၈ လမ်းပျံကျဈေး၊ ဆေးဆိုင်၊ အလှကုန်ဆိုင်များကို FDA က ရှောင်တခင်စစ်ဆေးရာ တားမြစ်အလှကုန်များ ရောင်းချနေ၍ ပစ္စည်းသိမ်းဆည်းအရေးယူ
Published 1 October 2017

စက်တင်ဘာ ၂၇ ရက်က ကျောက်တံတားမြို့နယ် အတွင်းရှိ ဆေးဆိုင်တစ်ဆိုင်အား FDA က ရှောင်တခင်စစ်ဆေးစဉ်

စက်တင်ဘာ ၂၇ ရက်က ကျောက်တံတားမြို့နယ် ၃၈ လမ်း ပျံကျဈေးရှိ စားသောက်ကုန် အရောင်းဆိုင်များအပါအဝင် ဆေးဆိုင်များ၊ အလှကုန် အရောင်းဆိုင်များကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရန်ကုန်အဖွဲ့က ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၇ ရက်က FDA (ရန်ကုန်ရုံး) အဖွဲ့သည် ၃၈ လမ်း ပျံကျဈေးတွင် ဖော်မလင် ထည့်သွင်းအသုံးပြုတတ်သော အစားအသောက်များ (မုန့်ဖတ်၊ ပဲပြား၊ အမဲသွေး) နှင့် ရောနှောဆီတို့ကို ဝယ်ယူစစ်ဆေးခဲ့ကြောင်း၊ ၃၈ လမ်း ပျံကျဈေး၌ ဈေးကွက်နမူနာ စစ်ဆေးခဲ့သော မုန့်ဖတ်တွင် ဖော်မလင်သုံးစွဲကြောင်း တွေ့ရှိရ၍ စစ်ဆေးခဲ့ရာ ပင်ရင်းမှာ လှိုင်သာယာမြို့နယ်မှ မုန့်ဖတ်ဖိုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည့်အပြင် ဂျုံခေါက်ဆွဲတွင်လည်း Borax တွေ့ရှိရ၍ စစ်ဆေးခဲ့ရာ ပင်ရင်းခေါက်ဆွဲလုပ်ငန်းမှာ ပုဇွန်တောင်မြို့နယ်မှဖြစ်ကြောင်းနှင့် ဆက်လက်၍ အစားအသောက်တွင် ခွင့်မပြု ဓာတုပစ္စည်း ထည့်သွင်းအသုံးပြုသူ လုပ်ငန်းရှင်များအား အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ကျောက်တံတားမြို့နယ်ရှိ ဆေးဆိုင်ငါးဆိုင်အား မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ်မပါသော ဆေးဝါးများရောင်းချခြင်းရှိ မရှိ၊ သက်တမ်းလွန် ဆေးဝါးများနှင့် စပ်ဆေးများရောင်းချခြင်းရှိ မရှိ စသည်တို့ကို စစ်ဆေးရာ ဆေးဆိုင်နှစ်ဆိုင်မှာ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ရောင်းချနေသဖြင့် ရောင်းချသူအား စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ထပ်မံ၍ အလှကုန်ပစ္စည်းအရောင်းဆိုင်များကို စစ်ဆေးရာ အလှကုန်ဆိုင်နှစ်ဆိုင်တွင် FDA ကတားမြစ်ထားသော အလှကုန်ပစ္စည်းငါးမျိုး၊ အရေအတွက် ၃၀ ကျော် စစ်ဆေးတွေ့ရှိ၍ ပစ္စည်းများကို သိမ်းဆည်းအရေးယူခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အိမ်နီးချင်းနိုင်ငံအချို့မှ တရားမဝင် တင်သွင်းသော အလှကုန်ပစ္စည်းများတွင် တားမြစ်ဓာတုပစ္စည်းများကို တစ်မျိုးချင်းသာမက နှစ်မျိုးရောအသုံးပြုကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချခွင့် တားမြစ်ထားကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

တားမြစ်ဓာတုပစ္စည်းတစ်မျိုးထက် ပိုအသုံးပြုခဲ့သော အလှကုန်ပစ္စည်းများမှာ ထိုင်းဘာသာဖြင့် ဖော်ပြထားသည့် Dr. YANHEE Cosmetic Set တွင် တားမြစ်ဓာတုပစ္စည်း Mercury(+)၊ Hydroquin-one(+) များအသုံးပြုထားကြောင်းနှင့် တရုတ်ဘာသာဖြင့် ဖော်ပြထားသည့် QIANU Acarus Removed & Spots Removing Cream တွင် တားမြစ်ဓာတုပစ္စည်း Mercury(+)၊ Mrtronidazole(+) များအသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ပြင် တရုတ်ဘာသာဖြင့် ဖော်ပြထားသော JIAOU 12 Day's Whitening Despeckle Treatment (Day Cream+Night Cream)၊ Zenith Ventures Sdn.Bhd. Malaysia ထုတ် Itemulawak Day & Night Cream (Beauty Whitening Cream)၊ ထိုင်းဘာသာဖြင့် ဖော်ပြထားသော MEYYONG Seaweed Extra Whitening & Face Lift၊ Guangzhou Qianya Cosmetics Co. Ltd China ထုတ် ANGKOR Cucumber Nano Whitening and Anti Wrinkle Package (Day Cream+Night Cream) များတွင် တားမြစ်ဓာတုပစ္စည်း Mercury (+) များအသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် သုံးစွဲရန်မသင့်ကြောင်း အသိပေးထားသည်။

အဆိပ်သင့်ဓါတုပစ္စည်း Mercury (+) ပြဒါးသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူကွက် အနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော အများပြည်သူ သုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃) (ဃ) အရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာထားသည်။

Most Read

Most Recent