ရွှေကျင်မြို့တွင် (၁၆၆) ကြိမ်မြောက် သီတင်းကျွတ် မီးမျှောပူဇော်ပွဲနှင့် လှေလှော်ယိမ်းအကပြိုင်ပွဲများ စည်ကားစွာ ကျင်းပမည်

ရွှေကျင်မြို့တွင် (၁၆၆) ကြိမ်မြောက် သီတင်းကျွတ် မီးမျှောပူဇော်ပွဲနှင့် လှေလှော်ယိမ်းအကပြိုင်ပွဲများ စည်ကားစွာ ကျင်းပမည်
Published 1 October 2017

ရွှေကျင်မြို့တွင် ကျင်းပသော သီတင်းကျွတ် မီးမျှောပူဇော်ပွဲနှင့် လှေလှော်ယိမ်းအကပြိုင်ပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့တွင် (၁၆၆) ကြိမ်မြောက် သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ကျင်းပမည်ဖြစ်ပြီး ရှင်ဥပဂုတ္တမီးမျှော ပူဇော်ပွဲနှင့် တက်ပျံယိမ်း၊ တက်ခုတ်ယိမ်းအက အလှပြိုင်ပွဲများအား အောက်တိုဘာ ၅၊ ၆ ရက် သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“မြို့တွင်းလှည့်လည်တာတို့၊ ရှင်ဥပဂုတ်ပင့်ပြီးတော့ အပူဇော်ခံတာတို့ အလှူခံတာတို့ကတော့ စနေပြီလေ ဈေးပွဲတန်းပေါ့။ လပြည့်ကျော် ၁ ရက်နေ့မှာက ရေပွဲဆိုတာ တက်ခုတ်တက်ပျံတို့ ယိမ်းတွေယှဉ်ပြိုင်မှုတွေ ဖျော်ဖြေမှုတွေက အဲဒီနေ့မှာပဲ၊ ရှင်ဥပဂုတ် မီးမျှောပူဇော်ပွဲက ၇ နာရီမှာပိတ်မှာလေ။ အဲဒီအစီအစဉ်အတိုင်းပဲ သွားမှာပါ၊ စုစုပေါင်းယိမ်းရယ်၊ တက်ခုတ်တက်ပျံရယ်၊ တိုင်းရင်းသား ယိမ်းအဖွဲ့ရယ် ရိုးရိုးအလှပြယိမ်းအဖွဲ့တွေရယ်ဆို ၁၇ ဖွဲ့ပေါ့။ ပြိုင်တဲ့အဖွဲ့တွေအကုန်လုံးကို ပြိုင်ပွဲဝင်တဲ့စရိတ် အကုန်ပေးမှာ။ တက်ခုတ်တက် ပျံယိမ်းပြိုင်ပွဲကတော့ လပြည့်ရယ်၊ လပြည့်ကျော်ရယ် နှစ်ရက်ပေါ့။ ဈေးပွဲတော်ကတော့ သီတင်းကျွတ်လဆန်း ၈ ရက်ကစတယ်။ အခုစနေပြီပေါ့” ဟု ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်ဌေးက ပြောကြားသည်။

ရွှေကျင်မြို့၏ သီတင်းကျွတ် မီးမျှောပူဇော်ပွဲအား နှစ်စဉ်သီတင်းကျွတ်လရောက်တိုင်း ကျင်းပလျက်ရှိရာပွဲတော်ကို ကုန်းပွဲနှင့် ရေပွဲဟူ၍ အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပကြောင်း သိရသည်။ ကုန်းပွဲအား သီတင်းကျွတ်လဆန်း ၈ ရက် စက်တင်ဘာ ၂၈ ရက်မှ စတင်ကျင်းပလျက်ရှိပြီး၊ ဇာတ်ပွဲများ ကပြဖျော်ဖြေခြင်း၊ ၁၂ ပွဲဈေးများ ခင်းကျင်းရောင်းချခြင်း၊ မီးမျှောပွဲတော် အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။ ရုပ်ရှင်အနုပညာရှင်များ ပါဝင်သည့် ဘောလုံးပြိုင်ပွဲအား သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ဖြစ်မြောက်ရေးအတွက် လုပ်ငန်းကော်မတီ ဝန်းကျင်ခန့်၊ အင်အား ၂၀၀ ကျော်ဖြင့် စုပေါင်းကျင်းပခဲ့ကြောင်း သိရသည်။

ရေပွဲဖြစ်သည့် ရှင်ဥပဂုတ္တမထေရ်အား မီးမျှောပူဇော်ပွဲနှင့် တက်ခုတ်ယိမ်း၊ တက်ပျံ ယိမ်းအကအလှပြိုင်ပွဲအား သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင် နံနက် ၉ နာရီမှ ည ၇ နာရီအထိ ရွှေကျင်ချောင်းအတွင်း ကျင်းပမည်ဖြစ်ကြောင်း၊ ရေပွဲတော်ကျင်းပရာတွင် တက်ခုတ်တက်ပျံငါးဖွဲ့၊ ကရင်တိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသားအဖွဲ့လေးဖွဲ့၊ ရိုးရိုးတက်ခုတ်လေးဖွဲ့၊ ရိုးရိုးပြိုင်ပွဲဝင်ယိမ်းအဖွဲ့လေးယိမ်း စုစုပေါင်း ၁၇ ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဆုများချီးမြှင့်ပေးသွားမည်ဖြစ်သည်။

မီးမျှောပူဇော်မည့် အစီအစဉ်မှာ ည ၇ နာရီတွင် ရှင်ဥပဂုတ္တမထေရ် ကိန်းဝပ်စံပယ်တော်မူသော ကရဝိတ်ဖောင်တော်ကြီးအား ရွှေကျင်ချောင်းအတွင်း လက်ယာရစ်သုံးပတ် လှည့်လည်နေစဉ် ပွဲတော်လာရောက်ကြသူများက မီးကြာခွက်များပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ပူဇော်ခြင်းတို့ ပြုလုပ်ကြကာ မီးကြာခွက် တစ်သောင်းဝန်းကျင်ခန့် မီးမျှောပူဇော်ကြကြောင်း ကျင်းပရေးကော်မတီအဖွဲ့ထံမှ သိရသည်။

ရွှေကျင်မြို့၏ သီတင်းကျွတ်မီးမျှောပွဲမှာ မြန်မာသက္ကရာဇ် ၁၂၁၃ ခုနှစ်၊ ကုန်းဘောင်ခေတ်ကာလ၌ တောင်တွင်းမြို့ဝန် ဦးကျောက်လုံးဦးစီးပြီး စစ်သည်အင်အားတစ်သောင်းကျော်ဖြင့် ရွှေကျင်မြို့မှနေ၍ အင်္ဂလိပ်စစ်တပ်အား တိုက်ခိုက်ရန် ပဲခူးစစ်ကြောင်းမှ စစ်ချီတက်လာစဉ်ကတည်းက ကျင်းပခဲ့သောပွဲတော်ဖြစ်ကြောင်း၊ ဦးကျောက်လုံးက ရွှေကျင်မြို့တွင် စခန်းချအုပ်ချုပ်နေစဉ် ကာလတွင်လည်း ရေပွဲသဘင်ကို ခမ်းခမ်းနားနား ပူဇော်ခဲ့သောပွဲတော်ဖြစ်ပြီး ယခုနှစ်တွင် (၁၆၆) ကြိမ်မြောက် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပွဲတော်ကျင်းပနေစဉ်တွင် ရွှေကျင်ချောင်းအတွင်း စက်လှေများဖြင့် လှည့်ပတ်ကြည့်ရှုသူ လည်ပတ်ကြသူများပြားပြီး ရွှေကျင်ကမ်းနားတစ်လျှောက် လည်ပတ်ကြသူများဖြင့် ပြည်သူတစ်သိန်းဝန်းကျင်ခန့် လာရောက်လည်ပတ်ကြောင်း သိရသည်။

 

Most Read

Most Recent