ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂါလီများ တစ်ဖက်နိုင်ငံသို့ ပြောင်းရွှေ့ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများက ဆက်သွယ်ပြောဆိုခြင်းများ ရှိနေဟုဆို

ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂါလီများ တစ်ဖက်နိုင်ငံသို့ ပြောင်းရွှေ့ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများက ဆက်သွယ်ပြောဆိုခြင်းများ ရှိနေဟုဆို
Published 29 September 2017

ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂါလီများ တစ်ဖက်နိုင်ငံသို့ ပြောင်းရွှေ့ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသူများက ဆက်သွယ် ပြောဆိုခြင်းများ ရှိနေကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာအုပ်စု လေယာဉ်ကွင်းကျေးရွာတွင် ဘူးသီးတောင်မြို့နယ်အတွင်းမှ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်မည့် ဘင်္ဂါလီများ ရောက်ရှိနေကြောင်း သတင်းအရ မောင်တောခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်သောအဖွဲ့သည် စက်တင်ဘာ ၂၇ ရက်တွင် သွားရောက် တွေ့ဆုံခဲ့ကြောင်း၊ လေယာဉ်ကွင်းကျေးရွာတွင် တိမ်းရှောင်ရောက်ရှိနေသူများသည် ဘူးသီးတောင်မြို့နယ် ဒုအိုးသည်မ ကျေးရွာအုပ်စုနှင့် ပြိုင်းတောင်ကျေးရွာအုပ်စု၊ ဇင်ခါးမကျေးရွာ၊ ဘိုလီကျေးရွာ၊ ငွေတောင်ကျေးရွာတို့မှဖြစ်ပြီး ဒေသအခြေအနေ မတည်ငြိမ်မှုအပေါ် ကြောက်ရွံ့၍ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ရန် ယင်းနေရာသို့ ရောက်ရှိလာကြောင်း သိရသည်။

ထို့ကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က တိမ်းရှောင် ရောက်ရှိနေသူများအား တွေ့ဆုံမေးမြန်းရာတွင် စားဝတ်နေရေး အခက်အခဲရှိသဖြင့် ဆက်လက်နေထိုင်၍ မရသောကြောင့် သွားရောက်လိုခြင်း ဖြစ်ကြောင်း၊ လုံခြုံရေး အခြေအနေအရ ကျေးရွာတွင် လုံခြုံမှုမရှိဟု ယူဆ၍ သွားရောက်လိုခြင်း ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများက ထွက်ခွာရန် ဆက်သွယ်ပြောဆိုခြင်းများ ရှိကြောင်း၊ ဒေသခံ တိုင်းရင်းသားအချို့မှ ဖုန်းဖြင့် ခြိမ်းခြောက်ခြင်း၊ ပတ်ဝန်းကျင် ကျေးရွာများမှ ဘင်္ဂါလီများလည်း တိမ်းရှောင်မှုများလည်း ရှိနေခြင်းတို့ကြောင့် ၎င်းတို့အုပ်စုသည် လူနည်းစုဖြစ်မည်ကို စိုးရိမ်သဖြင့် တစ်ဖက်နိုင်ငံရှိ ၎င်းတို့မျိုးနွယ်စုများထံ သွားရောက်လိုခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ သိရှိပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးက ရှင်းလင်းပြောကြားရာတွင် စားဝတ်နေရေး အခက်အခဲရှိပါက ဆန်၊ ဆီ၊ ဆား၊ ပဲ လေးမျိုးတို့ကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း လုံခြုံရေးနှင့် ပတ်သက်၍ လက်ရှိနေရာမှ မူလနေရာသို့ ပြန်လိုလျှင် မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးမည် ဖြစ်ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဒေသခံ တိုင်းရင်းသားများမှ ဖုန်းဖြင့် ခြိမ်းခြောက်မှုရှိပါက တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ခြိမ်းခြောက်မှု များပြား၍ လူနည်းစုဖြစ်မည်ဟု ယူဆပါက ပတ်ဝန်းကျင်ကျေးရွာများကို စုစုစည်းစည်း လုံခြုံအောင် စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ခြင်း/ မိမိနေရပ်သို့ ပြန်လိုခြင်းတို့အတွက် ပြန်လည် ဆက်သွယ်ပြောကြားရန် မှာကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent