စစ်တွေမြို့သို့ ရောက်ရှိနေသော ကျောင်းသားကျောင်းသူ ၁၆၀၀ ခန့်ရှိပြီး ပညာသင်ကြားပေးလျက် ရှိကြောင်းနှင့် အချို့ကို သီးသန့် သင်ကြားပေးမှုများ ရှိကာ နေရပ်ပြန်သူ အနည်းငယ်သာရှိ

စစ်တွေမြို့သို့ ရောက်ရှိနေသော ကျောင်းသားကျောင်းသူ ၁၆၀၀ ခန့်ရှိပြီး ပညာသင်ကြားပေးလျက် ရှိကြောင်းနှင့် အချို့ကို သီးသန့် သင်ကြားပေးမှုများ ရှိကာ နေရပ်ပြန်သူ အနည်းငယ်သာရှိ
Published 29 September 2017

စစ်တွေမြို့သို့ ရောက်ရှိနေသော ကျောင်းသူ ကျောင်းသား ၁၆၀၀ ခန့်ရှိပြီး ပညာသင်ကြားပေးလျက် ရှိကြောင်းနှင့် အချို့ကို သီးသန့် သင်ကြားပေးမှုများလည်း ရှိကာ နေရပ်ပြန်သူ အနည်းငယ်သာ ရှိကြောင်း သိရသည်။

မူလတန်းတွင် ၈၇၇ ဦး၊ အလယ်တန်းတွင် ၄၉၉ ဦးနှင့် အထက်တန်းကျောင်းသား ၂၃၆ ဦး၊ စုစုပေါင်း ၁၆၀၀ ကျော် ရှိကြောင်းသိရှိရပြီး ၎င်းတို့၏ ပညာရေးကို အလေးထား ဆောင်ရွက်ထားရှိကြောင်းနှင့် ကျောင်းသုံးစာအုပ်များ၊ ကျောင်းဝတ်စုံများလည်း ထောက်ပံ့ထားကြောင်း သိရသည်။

“လောလောဆယ် စာရင်းအရတော့ ကျောင်းသား ၁၆၀၀ ကျော် ရှိတယ်။ အဲဒီထဲမှာ ဟိန္ဒူကျောင်းသားတွေလည်း ပါတယ်။ ကယ်ဆယ်ရေးစခန်း အားလုံးက ကျောင်းသူကျောင်းသားတွေကို ပညာကြားနိုင်အောင် စီစဉ်ပေးထားပါတယ်။
အထူးသဖြင့်တော့ နီးစပ်ရာကျောင်းတွေမှာ သင်ခွင့်ရအောင် စီစဉ်ထားတယ်။ ဒါပေမဲ့ ဘောလုံးကွင်းကို ရောက်နေတဲ့ ဟိန္ဒူကျောင်းသားတွေကိုတော့ ဖိုးသာရွာမှာ နှစ်သုတ်ခွဲပြီး သင်ကြားပေးထားတယ်။ ကျောင်းတွေမှာလည်း နေရာထိုင်ခင်း အခက်အခဲရှိတဲ့အတွက် အဆင်ပြေတဲ့ ကျောင်းတွေမှာ ခွဲပြီး သင်ကြားပေးနေတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ မြန်မာစကား မတတ်တဲ့ ဟိန္ဒူကျောင်းသားတွေကိုလည်း ဒီလကုန်ရင်တော့ သီးခြားသင်ပေးဖို့ စီစဉ်ထားတာ ရှိပါတယ်။ အဲဒါကလည်း နေရာထိုင်ခင်း အခက်အခဲကြောင့် ဖြစ်ပါတယ်” ဟု ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (စီမံ) ဦးစိန်ထွန်းလှက ပြောကြားသည်။

စစ်တွေမြို့တွင် ကယ်ဆယ်ရေးစခန်း ၃၁ ခု ဖွင့်လှစ်ထားရှိပြီး ဘုန်းတော်ကြီးကျောင်းများအပြင် ဘောလုံးကွင်းရှိပွဲ ကြည့်စင်အောက် အဆောင်တွင်လည်း ထားရှိကြောင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးလာသူများ အနေဖြင့် နေရပ်သို့ ပြန်လည် သွားရောက်သူများ ရှိသော်လည်း နည်းပါးနေပြီး ဆက်လက် ခိုလှုံလျက်ရှိကြောင်း၊ ယင်းအနက် ဟိန္ဒူကျောင်းသားများကိုလည်း ပညာသင်ကြားပေးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

“အထူးသဖြင့်တော့ ၁၀ တန်းကျောင်းသားတွေကို ဦးစားပေး သင်နေကြရတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ စုစုပေါင်း ၁၆၅ ဦး ရှိတယ်။ သူတို့အတွက် အထူးထုတ် စာအုပ်တွေကိုလည်း စခန်းတာဝန်ခံတွေက ကူညီပံ့ပိုးထားတာ ရှိတယ်။ ၁၀ တန်းကျောင်းသားတွေ ဖြေဆိုဖို့အတွက်လည်း စာမေးပွဲဖြေဆိုခွင့် ပုံစံတွေ ရေးသွင်းတင်ပြထားပြီး ဖြစ်တယ်။ တချို့အနည်းငယ် နောက်ကျတာ ရှိပေမယ့် ပြည်နယ်ပညာကလည်း ခွင့်ပြုပေးခဲ့တယ်။ သိပ်အခက်အခဲတော့ မရှိကြပါဘူး” ဟုလည်း ဦးစိန်ထွန်းလှက ပြောကြားသည်။

ARSA ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်အတွင်းမှ ထွက်ပြေး တိမ်းရှောင်ကြသည့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြရသော ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက်၊ ဟိန္ဒူနှင့် မရမာကြီး တိုင်းရင်းသားများအနေဖြင့် စစ်တွေမြို့ရှိ ဘုန်းတော်ကြီးများတွင် လာရောက် ခိုလှုံလျက်ရှိရာ လက်ရှိတွင် ခိုလှုံနေသူ အရေအတွက် ငါးထောင်ကျော် ရှိကြောင်းနှင့် အချို့မှာ နေရပ်သို့ ပြန်သူများရှိနေပြီး ယင်းသို့ပြန်သူများကိုလည်း အစိုးရနှင့် လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများက ကူညီပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent