w သီလ၀ါ ဆိပ်ကမ်းတွင် ကုန်သေတ္တာများအတွင်းမှ ဖမ်းဆီးရမိသည့် တရားမ၀င် သစ်များ၏ ပိုင်ရှင်နှင့် အေးဂျင့်အား ဆက်လက် စုံစမ်းလျက်ရှိ - Eleven Media Group <

သီလ၀ါ ဆိပ်ကမ်းတွင် ကုန်သေတ္တာများအတွင်းမှ ဖမ်းဆီးရမိသည့် တရားမ၀င် သစ်များ၏ ပိုင်ရှင်နှင့် အေးဂျင့်အား ဆက်လက် စုံစမ်းလျက်ရှိ

စက်တင်ဘာ ၂၂ ရက်က သီလ၀ါဆိပ်ကမ်းတွင် ဖမ်းဆီးရမိသည့် တရားမ၀င်သစ်များကို တာဝန်ရှိသူများက စစ်ဆေးစဉ် (ဓာတ်ပုံ-သစ်တောဦးစီး)

သီလ၀ါ ဆိပ်ကမ်းတွင် ကုန်သေတ္တာများထဲမှ ဖမ်းဆီးရမိသည့် တရားမ၀င် သစ်များ၏ ပိုင်ရှင်နှင့် အေးဂျင့်တို့အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက် စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောကြားသည်။

“သီလ၀ါမှာဖြစ်တဲ့ ဖြစ်စဉ်က ပြောင်းဝါကို တင်သွင်းခွင့် တောင်းပြီးတော့ ၀င်လာတဲ့၊ ဘာနဲ့ ကွဲပြားလဲဆိုတော့ MIP ဆိပ်ကမ်းက ၀င်လာတာနဲ့ကွဲပြားတယ်။ MIP ဆိပ်ကမ်းကျတော့ သစ်ထောက်ခံချက် အစစ်ကို အသုံးပြုပြီး တရားမ၀င်သစ်ကို သွင်းလာတာ၊ ဒီဟာနဲ့ပတ်သက်ပြီး သစ်တောနဲ့ Custom နဲ့ ပူးပေါင်းစစ်ရတဲ့ ဆိပ်ကမ်းတွေတောင်မှ သစ်ထောက်ခံချက်လို စာရွက်စာတမ်း အထောက်အထား ပါမှသာလျှင် သစ်တောဦးစီးဌာနအနေနဲ့ ဆိပ်ကမ်းမှာ ပူးပေါင်းစစ်ခွင့် ရှိတယ်။ ခုနကလို ပြောင်းတို့၊ အထည်အလိပ်တို့ဆိုရင် သစ်တောက စစ်ခွင့်မရှိဘူး။ ဒါကြောင့်မို့ သီလ၀ါဆိပ်ကမ်းမှာ သစ်တောဦးစီးဌာနအနေနဲ့ မသိနိုင်ဘူး။ သိလိုက်တာကတော့ Maccs System အရ Red Channel ကျသွားတယ်။ အဲ့ဒါကြောင့် X- Ray ဖြတ် ရင်ဖြတ်၊ မဖြတ်ရင် ဖွင့်ဖောက် စစ်ရတယ်ဆိုတော့ ဒီဟာတွေက သိတယ်။ သိတဲ့အခါကျတော့ သတင်းအရ သစ်တောဦးစီးဌာနအနေနဲ့ ပူးပေါင်းဆောင်ရွက်တယ်။ ရနိုင်သလောက်ကို ဖော်ထုတ်ပေးလိုက်တယ်။ တရားခံကိုလည်း ရဲစခန်းမှာ အပ်လိုက်တယ်။ ဌာနသုံးခု ပူးပေါင်းဆောင်ရွက်တာပေါ့၊ အဲဒီကွင်းဆက်ကို လိုက်ပြီး ဖော်ထုတ်ပေးရတယ်။ အချိန်တိုအတွင်းမှာတော့ ရသွားတယ်။ ဒါပေမဲ့ သစ်ပိုင်ရှင်တို့ အေးဂျင့်တို့ရဲ့ ဖုန်းနံပါတ်တွေ ရပေမယ့် မကိုင်တော့တဲ့အတွက် ရဲအဖွဲ့က ဆက်လက် စုံစမ်းနေတယ်”ဟု ဦးသိန်းတိုးက ပြောကြားသည်။

ပြည်ပသို့ တင်ပို့မည့် ကုန်သေတ္တာ ၁၆ လုံးအတွင်းမှ တရားမ၀င် ပိတောက်သစ်ခွဲသားများ သီလ၀ါဆိပ်ကမ်းတွင် ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်မှ ဆက်စပ်ပါဝင်သူ တစ်ဦးအား ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့် က ကျောက်တန်းမြို့နယ်၊ သီလ၀ါဆိပ်ကမ်း (MITT) ရှိ ပြည်ပသို့ တင်ပို့မည့် ကုန်သေတ္တာများတွင် တရားမ၀င်သစ်များ ထည့်သွင်းထားကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်နေ ကျော်ကျော်ဇင် (YG Authoxzed Customs Agency) ပိုင် ကုန်သေတ္တာအလုံး ၂၀ အား ဖွင့်ဖောက် စစ်ဆေးခဲ့ရာ ကုန်သေတ္တာ ၁၆ လုံးအတွင်းမှ စုစုပေါင်းတန်ချိန် ၂၀၀ ကျော်ခန့်ရှိ ပိတောက် သစ်ခွဲသားများအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုသို့ သိမ်းဆည်းရမိခဲ့သဖြင့် အဆိုပါ ဖြစ်စဉ်ကို သီလ၀ါနယ်မြေ ရဲစခန်းမှ (ပ) ၅၄/၂၀၁၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် အမှုဖွင့်ပြီး ကျော်ကျော်ဇင်အား ဆက်လက် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်ဇင်အား စစ်ဆေးရာ အဆိုပါ ပိတောက်သစ်ခွဲသားများမှာ လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်းအနီးရှိ ၀င်းဇော်မြင့်ဆိုသူ ပိုင်ဆိုင်သည့် ဂိုဒေါင်များထဲမှ သစ်များဖြစ်ကြောင်း၊ ယင်းသစ်ခွဲသားများကို ပြည်ပသို့ ပို့ရန်အတွက် ၎င်းပိုင် (YG Authoxzed Customs Agency) ကုမ္ပဏီအား ငှားရမ်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၀င်းဇော်မြင့်ဆိုသူမှာ ပန်းဘဲတန်းမြို့နယ်၊ သိမ်ကြီးဈေး(ဃ)ရုံရှိ Wan May ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်သူ ဖြစ်ကြောင်း၊ အဆိုပါ Wan May ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူမှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်နေ လှမျိုးဆိုသူ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းဖြစ်စဉ်မှ ပိတောက်သစ်ခွဲသားများအား ပြည်ပသို့ တရားမ၀င် တင်ပို့ရန် ပါဝင်ပတ်သက်သူများအနက် လှမျိုးဆိုသူအား သီလ၀ါနယ်မြေရဲစခန်းမှ (ပ)၅၆/၂၀၁၇၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ၀င်းဇော်မြင့်နှင့် ဆက်စပ် ပါဝင်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

September 29, 2017














Copy Protected by Chetan's WP-Copyprotect.