ဖားကန့်ဒေသတွင် ကျောက်မျက်တူးဖော်သည့် ယာဉ်၊ ယန္တရား အရေအတွက် ပြန်လည်စိစစ်မည်

ဖားကန့်ဒေသတွင် ကျောက်မျက်တူးဖော်သည့် ယာဉ်၊ ယန္တရား အရေအတွက် ပြန်လည်စိစစ်မည်
Published 28 September 2017

ဖားကန့်ဒေသ လုံးခင်းကျေးရွာအုပ်စု အတွင်းမှ လုပ်ကွက်များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဟိန်းမင်း)

ကချင်ပြည်နယ် ဖားကန့်ဒေသတွင်း ကျောက်မျက်တူးဖော်သည့် ယာဉ်၊ ယန္တရားအရေအတွက် ပြန်လည်စိစစ် ရေတွက်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သတင်းရရှိသည်။

လက်ရှိတွင် ယာဉ်၊ ယန္တရားများ စိစစ်နိုင်ရေးအတွက် အဖွဲ့များဖွဲ့ထားပြီး ယာဉ်ယန္တရားများ ကျန်ရှိမှု မရှိစေရေး၊ ယာဉ်အမျိုးအစား၊ တန်ချိန်နှင့် အရေအတွက် အသုံးပြုသည့် မှော်လုပ်ကွက်၊ သက်တမ်းကုန်ဆုံးပြီးသည့် လုပ်ကွက်များမှ ယာဉ်၊ ယန္တရားများကို တစ်ပါတည်း စာရင်းကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ထမ်းတစ်ဦးက “အဖွဲ့တွေကတော့ ဖွဲ့ပြီးသွားပါပြီ။ ကျောက်မျက်အဖွဲ့တွေ၊ ရပ်မိရပ်ဖတွေပါတယ်။ အရင်တုန်းက တစ်ခေါက်ပဲ စစ်ဆေးမှုလုပ်တယ်ထင်တယ်။ အဲဒီတုန်းက ကုမ္ပဏီတွေကပေးတဲ့ စာရင်းကို ယူတာ။ အခုက ကောက်မှာ။ နောက်ပြီး စက်ပစ္စည်းအပို အဖြစ်နဲ့ သယ်ခွင့်ပေးတာကို ယန္တရားကြီးတွေ အပိုင်းပိုင်းသယ်ပြီး ပြန်ဆင်တယ် ဆိုတာမျိုးလည်း ကြားနေရတယ်။ အဲဒါတွေကြောင့် စာရင်းကောက် မှတ်တမ်းယူမှာပါ” ဟု ပြောကြားသည်။

ဖားကန့်ဒေသတွင် ယခင်စစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်အရ ယန္တရား ၁၀၂၈၂ စီး တွေ့ရပြီး အထောက်အထား မပြနိုင်သည့် ယာဉ်၊ ယန္တရားမှာ ၁၈၈၇ စီးဖြစ်ကြောင်း သိရသည်။

ဖားကန့်ကျောက်စိမ်းတွင်း လုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရားမဝင် ယာဉ်၊ ယန္တရားတင်သွင်းမှုကို စစ်ဆေးစုံစမ်းမှုများမှာ ပွင့်လင်းမြင်သာမှုနှင့် အရေးယူမှုမှာ တရားမျှတမှု မရှိကြောင်း ကချင်ပြည်နယ် ဒေသခံပြည်သူများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့မှုများ ရှိခဲ့သည်။

ဖားကန့်ဒေသသို့ ယာဉ်၊ ယန္တရား တင်သွင်းမှုနှင့် ပတ်သက်၍ လေးကြိမ်တိုင် စစ်ဆေးခဲ့ပြီး နောက်ဆုံးအကြိမ်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ကချင်ပြည်နယ်မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြည်ထောင်စု အဂတိတိုက်ဖျက်ရေး အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မောင်ရှိန် (ငြိမ်း) ဦးဆောင်သော အဖွဲ့က ဖားကန့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရဲဌာန၊ ဌာနများနှင့် ကုမ္ပဏီများကို တစ်ပတ်နီးပါးကြာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများသို့ ယာဉ်၊ ယန္တရားတင်သွင်းမှုနှင့် ပတ်သက်ပြီး အကောက်အခွန်၊ စီးပွား/ကူးသန်း ညွှန်ကြားရေးမှူးချုပ် နှစ်ဦးအား အငြိမ်းစားပေးခဲ့ပြီး ကချင်ပြည်နယ် အတွင်းရေးမှူးကို အလုပ်မှ ထုတ်ပယ်ခဲ့သည်။

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှစတင်ကာ အစိုးရ၊ တပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင် ကေအိုင်အေအဖွဲ့တို့ မိုးမောက်မြို့ နယ်တွင် စစ်ပွဲများ စတင်ဖြစ်ပွားခဲ့ရာ စစ်ပွဲများ ကချင်တစ်ပြည်နယ်လုံး ပျံ့နှံ့လာပြီး ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ခွင့်ကို ၂၀၁၂ ခုနှစ် မေ ၃၀ ရက်မှ စတင်ကာ အစိုးရမှ တရားဝင် ပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ပြန်လည် တူးဖော်ခွင့်ပြုခဲ့ရာ လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်မှာ နှစ်နှစ်ကျော် ကြာမြင့်ခဲ့သည်။

NLD အစိုးရသစ် တက်လာပြီးနောက်ပိုင်း ဖားကန့်ဒေသအတွင်း ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ ၁၅၆၀ အနက် သက်တမ်း ကုန် ၆၈၆ ကုမ္ပဏီကို သက်တမ်းတိုးပေးခြင်း မရှိဘဲ လုပ်ကွက်များ ပိတ်သိမ်းခဲ့ကြောင်း၊ လက်ရှိတွင် သက်တမ်းရှိ ပုဂ္ဂလိကလုပ်ကွက် ၅၇၄၆ ကွက်၊ နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက် ၂၄၈ ကွက်၊ စုစုပေါင်း လုပ်ကွက် ၅၉၉၄ ကွက် ရှိနေကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ဖားကန့်ကျောက်စိမ်းရတနာမြေမှ အစိုးရစာရင်းအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ကျောက်စိမ်းတန်ပေါင်း ၃၃၈၆၁ တန်ကျော် ထွက်ရှိခဲ့ပြီး တန်ဖိုးကျပ်သန်းပေါင်း ၁၀၁၆၅၉ သန်းကျော် ရှိကြောင်း၊ ရတနာအခွန် ကျပ်သန်းပေါင်း ၂၀၂၉၈ သန်း ရရှိခဲ့ကြောင်း သိရသည်။

တရားမဝင် ကျောက်စိမ်းဖမ်းဆီးမှုအားဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျောက်စိမ်းတန်ပေါင်း ၇၀ ကျော် ဖမ်းဆီးနိုင်ခဲ့ကြောင်း ကချင်ပြည်နယ် လွှတ်တော်တွင် ရှင်းလင်းခဲ့သည်။

Most Read

Most Recent