ကချင်ပြည်နယ်တွင် ယခင်ဒေသ အာဏာပိုင်က ခွင့်ပြုခဲ့သော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအနက် ဧက ၆၈၀၀၀၀ ကျော် ပြန်လည်သိမ်းယူထားကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူ ပြောကြား

ကချင်ပြည်နယ်တွင် ယခင်ဒေသ အာဏာပိုင်က ခွင့်ပြုခဲ့သော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအနက် ဧက ၆၈၀၀၀၀ ကျော် ပြန်လည်သိမ်းယူထားကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူ ပြောကြား
Published 27 September 2017

ဝိုင်းမော်မြို့နယ်အတွင်းရှိ မြေလွတ်မြေရိုင်း တစ်နေရာတွင် တရုတ်တစ်ရှူးငှက်ပျော စိုက်ပျိုးရန် ပြင်ဆင်နေစဉ်

ကချင်ပြည်နယ်တွင် ယခင်ဒေသအာဏာပိုင်မှ ခွင့်ပြုခဲ့သော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအနက် ဧက ၆၈၀၀၀၀ ကျော် ပြန်လည်သိမ်းထားယူကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ကချင်ပြည်နယ်၌ ယခင်ဒေသအာဏာပိုင်မှ ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်း ဦးရေ ၅၂၅ ဦးအတွက် ခွင့်ပြုခဲ့သော မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဧရိယာ ၆၈၆၆၀၅ ဧကရှိပြီး သြဂုတ် ၃၁ ရက်တွင် ပြုလုပ်သည့် လုပ်ငန်းအစည်းအဝေး အမှတ်စဉ် (၂၆/၂၀၁၇)ဆုံးဖြတ်ချက်အရ ပယ်ဖျက်ပြီးကြောင်းနှင့် ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့် လျှောက်ထားနိုင်ရေး အစိုးရအဖွဲ့(ကချင်) ဖြင့် အကြောင်းကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက “မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို ဗဟိုခွင့်ပြု၊ ဒေသလုပ်ငန်းကော်မတီခွင့်ပြု၊ ဒေသအာဏာပိုင်ခွင့်ပြုတဲ့ အထဲက ဒေသအာဏာပိုင် ခွင့်ပြုတွေက တရားမဝင်ဘူး။ ဥပဒေဘောင် အတွင်းမှာလည်း မရှိဘူး။ ပြောရရင် လုပ်ထုံးလုပ်နည်း မရှိတာပေါ့။ ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်ကတည်းက အဲဒီမြေတွေကို သိမ်းလိုက်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ လက်မှတ်ထိုးလိုက်ပြီ။ သုံးခါ ကြေညာဦးမှာပါ။ လူဦးရေ၊ အဖွဲ့အစည်း ၅၂၅ ဦးပါဝင်တယ်။ ဒါပေမဲ့     စိုက်ပျိုးထားတာရှိရင် အသစ်လျှောက်ပေါ့။ အစိုးရဘက်က ပုံစံ (၁၀၅) လိုဟာမျိုး ထုတ်ပေးမယ်။ အခွန်ကောက်မယ်။ မစိုက်တဲ့မြေက အစိုးရပိုင်ပဲ။ ထပ်စိုက်ချင်တယ်ဆို ဥပဒေနဲ့အညီပဲ ထပ်စိုက်။ လေးနှစ်ပြည့်လို့ မစိုက်နိုင်ရင် ပြန်သိမ်း။ ဥပဒေအရတော့ ဒီအတိုင်းပဲ။ အရင်က မစိစစ်ခဲ့တော့ အခုအစိုးရက ဘာ အခွန်အခမှမရဘူး။ နောက်ထပ်လိုချင်သူ ရှိနေရင် ခွဲဝေပေးစရာ မရှိဘူး။ အခုမြေယာမှုတွေ အများကြီးဖြစ်တယ်။ အားလုံးကို တဖြည်းဖြည်းချင်း ဖြေရှင်းနိုင်အောင် တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ လုပ်နေတယ်။ ဗဟိုခွင့်ပြု၊ ဒေသလုပ်ငန်းကော်မတီ ခွင့်ပြုမြေတွေက ပြည်ထောင်စုအဆင့် ကိုင်တွယ်ရတာဖြစ်လို့ ပြန်လည်သိမ်းယူနိုင်အောင် အခုပြည်ထောင်စုအစိုးရဆီ အားလုံးပို့ထားနိုင်ခဲ့ပြီ” ဟု ပြော ကြားသည်။

ကချင်ပြည်နယ်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း မြေအမျိုးစားကို ပြည်ထောင်စုအစိုးရ ဗဟိုက ခွင့်ပြုထားမြေ၊ ပြည်နယ်အစိုးရလုပ်ငန်းအဖွဲ့ ခွင့်ပြုထားမြေ၊ ဒေသအာဏာပိုင် ခွင့်ပြုထားမြေများဖြစ်ပြီး ဧကပေါင်း ၁၃၉၀၀၀၀ ကျော်အနက် ဧကပေါင်း  ၈၀၀၀၀ ကျော်သာ အကောင်အထည်ဖော်ခြင်း ဖြစ်သဖြင့် အောက်ခြေအထိ စိစစ်ပြီး သိမ်းယူရန် ပြည်ထောင်စုအစိုးရသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းမြေဧကများကို ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ကုမ္ပဏီ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများက အစိုးရ အဆက်ဆက်တွင် ရယူထားခြင်းဖြစ်ပြီး မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲ့မှုဥပဒေအရ လေးနှစ်အတွင်း အကောင်အထည်ဖော်ခြင်း မရှိသဖြင့် သိမ်းယူရခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်က ထုတ်ပြန်သော မြေလွတ်၊ မြေရိုင်းစီမံခန့်ခွဲ့ရေး နည်းဥပဒေအရ နှစ်ရှည်သီးနှံစိုက်ပျိုးမြေ ဖြစ်ပါက တစ်နှစ်လျှင် တစ်ဧက ၃၀၀၀ ကျပ်၊ ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးမြေဖြစ်ပါက တစ်နှစ်လျှင် ၂၀၀၀ ကျပ် အခွန်နှုန်းထားရှိပြီး ငှက်ပျောစိုက်ဧကများနှင့် နှစ်ရှည်သီးနှံခြံမြေများမှာ အခွန်ကောက်ခံရရှိမှု မရှိသေးကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် မြေဧရိယာ ဧက စုစုပေါင်း ၂၂ သန်း၊ သစ်တောကြိုးဝိုင်းမြေ ဧကခုနစ်သန်း၊ တောရိုင်းမြေဧက ခြောက်သန်း၊ မြေလွတ်မြေလပ် မြေရိုင်းဧက ၃ ဒသမ ၅ သန်း၊ စိုက်ပျိုးခြင်းမပြုနိုင်သည့် မြေဧက ၄ ဒသမ ၆ သန်းရှိပြီး မြေလွတ်မြေရိုင်း ဧက ၃၄ သိန်းတွင် ပြည်ထောင်စုဗဟိုမှ ခွင့်ပြုထားသည့်မြေမှာ ငါးသိန်းကိုးသောင်းအနက် နှစ်ရှည်ပင်စိုက်ပျိုးထားမှုမှာ ရှစ်သောင်းဝန်းကျင်သာရှိကြောင်း သိရသည်။ ဗဟိုသို့ ထပ်မံလျှောက်ထားဆဲမှာ ခုနစ်သိန်းငါးသောင်းကျော် ရှိနေသေးကြောင်း သိရသည်။

 

Most Read

Most Recent