<

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင် မိဘများက အကြွေးမပေးဘဲ ထွက်ပြေးသဖြင့် ကလေးနှစ်ဦး ရိုက်နှက်နှိပ်စက်ခံရပြီး တစ်ဦးသေဆုံး၍ တစ်ဦးဆေးရုံ တင်ထားရကာ အကူအညီ လိုအပ်နေ

ဓာတ်ပုံ – ဦးတင်ခိုင်

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ် မိုက်ကွမ်းကျေးရွာအနီးရှိ ကျောက်ထုတ်စခန်းတွင် မိဘနှစ်ပါးက အကြွေးမပေးနိုင်ဘဲ ထွက်ပြေးသဖြင့် ကလေးငယ်နှစ်ဦးကို ရိုက်နှက်နှိပ်စက်ရာ ခုနစ်နှစ်အရွယ်သမီးကြီး သေဆုံးကာ သုံးနှစ်အရွယ် သားငယ်ကို ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် မိုက်ကွမ်းကျေးရွာ ကျောက်ထုတ် စခန်းတွင် အကြွေးမပေးဘဲ မိဘထွက်ပြေးသဖြင့် အလုပ်သမားခေါင်းက အဆိုပါထွက်ပြေးသူ မိဘနှစ်ပါး၏ ကလေးနှစ်ဦးကို ရိုက်နှက်ရာ ခုနစ်နှစ်အရွယ်ကလေး မဖူးဖူး သေဆုံးပြီး၊ သုံးနှစ်အရွယ်ကလေး ကျော်ကျော်တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသခံနေရကြောင်း၊ အဆိုပါ ကလေးငယ်ကို အပြီးမွေးစားမည်ဖြစ်ကြောင်း မိုင်းပန်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဦးတင်ခိုင်က ပြောကြားသည်။

ဓာတ်ပုံ – ဦးတင်ခိုင်

“အခင်းဖြစ်တဲ့ နေရာကတော့ မိုင်းပန်နဲ့ နှစ်မိုင်ခန့်အကွာ မိုက်ကွမ်းကျေးရွာအနီးပေါ့။ ကျောက်ထုတ်လုပ်ငန်း လမ်းခင်းကျောက် လုပ်ငန်းရှိတယ်။ တန်းလျားလေးကိုရောက်တော့ ခုနစ်နှစ်ခန့် သမီးငယ်လေး သေဆုံးနေတာ တွေ့ရတယ်။ နောက်ပြီးတွေ့ရတာက ဒီတစ်ယောက်တည်း မဟုတ်ဘူး။ ဒီအမျိုးသမီး လူမဆန်စွာ ရိုက်ထားတဲ့ ကလေးတစ်ယောက် ရှိသေးတယ်။ ရိုက်ထားတာ တွေ့ရတယ်ပေါ့။ မိုင်းပန်ပြည်သူ့ဆေးရုံကြီးကို သေဆုံးသွားတဲ့ ကလေးရုပ်အလောင်းနဲ့ ကျန်တဲ့ကလေးကို လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှု ကုသဖို့ မိုင်းပန်ဆေးရုံကို ခေါ်လာတယ်။ ဆေးရုံကလည်း လိုအပ်တဲ့ ဆေးစစ်ချက်တွေ လုပ်ပြီးတော့ ၂၅ ရက်မှာ သက်ဆိုင်ရာကို သတင်းပို့ပြီးတော့ မီးသဂြုင်္ိဟ်လိုက်ပြီ။ တရားခံကတော့ ခင်သန်းဌေးပေါ့။ ရဲစခန်းထဲကို ထည့်ထားလိုက်ပြီ။ သေသွားတဲ့ ကလေးက မဖူးဖူးတဲ့။ ကျန်ခဲ့တဲ့ ကလေးကတော့ ကျော်ကျော်တဲ့။ ကျွန်တော်ကိုယ်တိုင်ပဲ အနီးကပ် စောင့်ရှောက်ထားတယ်။ ဒီကလေးလေးကို ကျွန်တော်ပဲ ရာသက်ပန် မွေးစားလိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်ဗျ။ ရိုက်တဲ့အမျိုးသမီးရဲ့ ထွက်ဆိုချက်အရတော့ မိဘတွေကတော့ မသိဘူးတဲ့။ သူ့ကိုပိုက်ဆံပေးစရာရှိလို့ ထွက်ပြေးသွားတယ်လို့ပဲ သိရတယ်” ဟုမိုင်းပန်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးတင်ခိုင်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို မိုင်းပန်ရဲစခန်းတွင် (ပ)၁၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၅ ဖြင့် အမှုဖွင့် အရေးယူထားပြီး၊ တရားခံဖြစ်သူ ဒေါ်ခင်သန်းဌေးကို ဖမ်းဆီးထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။

 

September 26, 2017














Copy Protected by Chetan's WP-Copyprotect.