အမ်းမြို့တွင် ဆူပူမှုဖြစ်ပေါ်ရေး လှုံ့ဆော်ရန် ကျပ်ငါးသိန်းပေး စည်းရုံးသူရှိကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား

အမ်းမြို့တွင် ဆူပူမှုဖြစ်ပေါ်ရေး လှုံ့ဆော်ရန် ကျပ်ငါးသိန်းပေး စည်းရုံးသူရှိကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား
Published 27 September 2017

ဝန်ကြီးချုပ်မှ မီဒီယာများသို့ ပြောကြားနေစဉ်

အမ်းမြို့တွင် ဆူပူမှုဖြစ်ပေါ်ရေးလှုံ့ဆော်ရန် ငွေကျပ်ငါးသိန်းပေး စည်းရုံးသူရှိကြောင်း သိထားရပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ညွှန်ကြားထားကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက သတင်းထောက်များအား ၎င်း၏ရုံးခန်းသို့ သီးသန့်ဖိတ်ခေါ်၍ ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် အလယ်ပိုင်းတွင် ဘင်္ဂါလီ တစ်သန်းအတွက် နေရာချထားပေးမည်ဟု Facebook တွင် တင်သည့် ပို့စ်တစ်ခု တက်လာသည့် ရက်ပိုင်းအတွင်း အဆိုပါကဲ့သို့ စည်းရုံးမှုကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“မကွေးတိုင်းထဲမှာ စိုးရိမ်စရာကောင်းတာတစ်ခုက တစ်ယောက်ကိုလိုက်ပြီး စည်းရုံးတယ်။ နာမည်တွေကတော့ လုံခြုံရေးအရ ပြောလို့မရဘူး။ ကျွန်တော်တို့ အတိအကျရထားတာက ကျပ်ငါးသိန်းပေးမယ် အမ်းကိုလိုက်ခဲ့။ လမ်းမှာစားချင်တာစား၊ သောက်ချင်တာသောက် ရေမီးအပြည့်အစုံ။ ရေမီးအပြည့်အစုံ ဆိုတာက လမ်းမှာ ပြည့်တန်ဆာ လိုချင်တောင် ရှာပေးဦးမယ်တဲ့။ ဘယ်လောက် စည်းရုံးလဲဆိုတော့။ သို့သော်လည်းပဲ အဲဒီကျပ်ငါးသိန်းက တာဝန်ကျေပြီး မကွေးပြန်ရောက်ပြီးမှ ပေးမယ်။ အဲဒီကျပ်ငါးသိန်းက ဘာအတွက် ပေးမှာလဲဆိုတော့ အမ်းမှာဆူပူအုံကြွအောင် လုပ်ပေးရမယ်တဲ့” ဟု ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

ဆက်လက်၍ “အင်မတန်စိုးရိမ်စရာ ကောင်းတယ်နော်။ ဒီလိုမျိုးအခြေအနေမျိုးမှာ အမ်းမှာဆူပူအုံကြွအောင် လှုံ့ဆော်ပေးခိုင်းတယ်ဆိုတာ” ဟု ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

ထိုသို့ လာရောက်စည်းရုံးသူအား စည်းရုံးခံရသူက အဆိုပါကိစ္စသည် အင်မတန် စွန့်စားရသည့် ကိစ္စဖြစ်ပြီး စည်းရုံးသူအနေဖြင့် မည်သည့်ခံစားမှုရမည်ကို မေးမြန်းခဲ့ကြောင်း စည်းရုံးသူက နိုင်ငံရေးခံယူချက်၊ ယုံကြည်ချက်ကြောင့် လုပ်ခြင်းမဟုတ်ဘဲ ငွေလို၍လုပ်ခြင်း ဖြစ်သည်ဟု ဖြေကြားကြောင်း ဒေါက်တာ အောင်မိုးညိုက ၎င်းကြားသိထားရမှုကို ပြောကြားသည်။

ယင်းကိစ္စအောင်မြင်ပါက စည်းရုံးသူသည် ကျပ်သိန်းထောင်နှင့်ချီ ရနိုင်ကြောင်း ထိုသို့ပေးနိုင်သူကို နာမည်နှင့်တကွ သိထားရကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

“စည်းရုံးသူက ဘယ်လိုပြော စည်းရုံးလဲဆိုတော့ ငါတို့မှာငွေရှိတယ်။ လက်နက်ရှိတယ်။ စစ်တပ်ရှိတယ်။ မရှိတာ အာဏာပဲ မရှိတာ။ အဲဒီတော့ ဆူပူအုံကြွမှုတွေ ဖန်တီးပြီးတော့ အာဏာရအောင် လုပ်ရမှာဆိုပြီး အဲဒီလိုပြောတယ်။ ဘယ်သူဘယ်ဝါပြောတယ် ဆိုတာလည်းပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်က တိုင်းမှာတာဝန်ရှိသူတွေကို လိုအပ်သလို ညွှန်ကြားပြီးပါပြီ” ဟု ဒေါက်တာအောင်မိုးညိုက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာ ၂၅ ရက်က ပြုလုပ်သည့် လုံခြုံရေးနှင့် သတင်းပေါင်းစပ် အစည်းအဝေးတွင် တိုင်းအစိုးရ အဖွဲ့ ဝင်များ၊ လုံနယ်ဝန်ကြီး၊ ဥပဒေရုံး၊ တရားရုံးတာဝန်ရှိသူများအား ပုဒ်မ ၁၂၄ (က)တွင် ဖော်ပြထားချက်များဖြင့် ပြောကြားထားကြောင်း သိရသည်။

Most Read

Most Recent