မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များကို ဝေးလံသည့်ကျွန်းသို့ ရွှေ့ပြောင်းရန် အတင်းအကျပ် လုပ်ဆောင်ခြင်း မပြုရဟု ကုလသမဂ္ဂ ပြောကြား

မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များကို ဝေးလံသည့်ကျွန်းသို့ ရွှေ့ပြောင်းရန် အတင်းအကျပ် လုပ်ဆောင်ခြင်း မပြုရဟု ကုလသမဂ္ဂ ပြောကြား
Published 27 September 2017

စက်တင်ဘာ ၂၄ ရက်က ဘင်္ဂလားဒေ့ရှ်ရှိ အူခီယာခရိုင်တွင် တိုးချဲ့ခဲ့သော ဒုက္ခသည်စခန်းအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo : AFP)

မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် လူသူမရှိသည့် ဝေးလံသောအရပ်ရှိ ကျွန်း၌ရှိသော စခန်းများသို့ အတင်းအကျပ် ရွှေ့ပြောင်းခြင်း မပြုရဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက စက်တင်ဘာ ၂၅ တွင် ပြောကြားခဲ့သည်။

သြဂုတ် ၂၅ ရက်မှစတင်ကာ ရောက်ရှိလာနေသည့် ဘင်္ဂါလီမွတ်စလင်များသည် ယခုအခါ စုစုပေါင်း ၄၃၆,၀၀၀ ရှိနေသောကြောင့် ၎င်းတို့အား ဘင်္ဂလားပင်လယ်အော် အတွင်းရှိ ကျွန်းတွင် နေရာချထားရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီက ဇူလိုင်လ၌ ၎င်းတို့တွေ့ဆုံကြစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ပြန်လည်နေရာချထားရေး အစီအစဉ်ကို အသိပေး ပြောကြားခဲ့သည်ဟု ဆိုသည်။ ယခုနောက်ဆုံး ဝင်ရောက်မှုများ မစတင်မီကတည်းက နယ်စပ်အနီး ကော့ဘဇားခရိုင်ရှိ စခန်းများ၌ မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်ပေါင်း ၃၀၀,၀၀၀ ရှိနှင့်ပြီးဖြစ်သည်ဟု ဆိုသည်။

သို့သော် ဂရန်ဒီက ဒုက္ခသည်စခန်းများမှ ဘာရှန်းချားကျွန်းခေါ် သန်ဂါချာကျွန်းသို့ ရွှေ့ပြောင်းပေးမှု မှန်သမျှသည် ဒုက္ခသည်များ၏ သဘောထား ဆန္ဒအလျောက်သာ ဖြစ်ရမည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

“လူတွေကို အဲဒီနေရာ အတင်းသွားခိုင်းလို့ မရပါဘူး။ ဒါကြောင့် ကြားကာလတစ်ရပ်ကို ရွေးဖို့လိုပါတယ်။ ရေရှည်ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် မပြောလိုသေးဘူးပဲ ဆိုပါတော့။ အဲဒီကိုသွားဖို့ လူတွေအတွက် လက်ခံနိုင်ဖွယ်ရာ တစ်စုံတစ်ရာ ရှိဖို့လည်း လိုပါတယ်” ဟု ဂရန်ဒီက ပြောကြားခဲ့သည်။

“အဲဒီလိုမှ မဟုတ်ရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အဲဒီလိုမှ မဟုတ်ရင် လူတွေ သွားကြမှာ မဟုတ်ဘူး” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

စစ်ဆင်ရေးကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဘင်္ဂါလီမွတ်စလင်များကို လက်ခံခဲ့သည့်အတွက် ကုလသမဂ္ဂက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ချီးကျူးခဲ့သည်။ ကုလသမဂ္ဂက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအား ကူညီကြရန်လည်း နိုင်ငံတကာကို မေတ္တာရပ်ခံပေးခဲ့သည်။

“ဆက်တွေးကြည့်ရင်တော့ ကောင်းပါတယ်။ ဒီလူတွေ သိပ်မြန်မြန်ကြီး မပြန်နိုင်သေးပါဘူး။ အထူးသဖြင့် အခုဆို လူဦးရေက နှစ်ဆဖြစ်နေပါပြီ” ဟု ဂရန်ဒီက ပြောကြားခဲ့သည်။ ဂရန်ဒီက သူ၏အေဂျင်စီသည် ရွေးချယ်စရာများနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ လေ့လာချက် တစ်ရပ်နှင့်အတူ ယင်းကျွန်းအစီအစဉ်ကို ကူညီရန် အသင့်ရှိသည်ဟုလည်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပေးဖို့အဆင်သင့်ပါပဲ။ ခုထိ ဘာလို့ ကျွန်တော်တို့ မပေးသေးသလဲ ဆိုတော့ စာရွက်ပေါ်မှာ ခိုင်မာတဲ့ ရွေးချယ်မှုတွေ ကျွန်တော်တို့ မမြင်ရသေးလို့ပါ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Ref : AFP

Most Read

Most Recent