တောင်ကြီးမြို့နယ်အတွင်း ခွင့်ပြုချက်မရှိဘဲ မီးရှူး၊ ဗြောက်အိုးများ ဖောက်ခြင်း၊ ရောင်းဝယ်ခြင်း မပြုလုပ်ရန် အမိန့်စာထုတ်ထား

တောင်ကြီးမြို့နယ်အတွင်း ခွင့်ပြုချက်မရှိဘဲ မီးရှူး၊ ဗြောက်အိုးများ ဖောက်ခြင်း၊ ရောင်းဝယ်ခြင်း မပြုလုပ်ရန် အမိန့်စာထုတ်ထား
Published 27 September 2017

တောင်ကြီးမြို့နယ် အတွင်းရှိ အရောင်းဆိုင်များကို တွေ့ရစဉ်

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ခွင့်ပြုချက်မရှိဘဲ မီးရှူး၊ မီးပန်း၊ ဗြောက်အိုးများဖောက်ခြင်း၊ ရောင်းဝယ်ခြင်းများ မပြုလုပ်ကြရန် စက်တင်ဘာ ၂၆ ရက် ရက်စွဲဖြင့် အမိန့်စာ ထုတ်ပြန်ထားကြောင်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

မြို့ရွာအတွင်း ခွင့်ပြုချက်မရှိဘဲ အများပြည်သူများ အထိတ်တလန့် ဖြစ်စေတတ်သော ဗြောက်အိုး၊ မီးအိုး၊ ပေအိုး၊ မီးရှူး၊ မီးပန်းများဖောက်ခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိခြင်းများအား မည်သူမျှ မပြုလုပ်ကြရန် တားမြစ်ထားပြီး တားမြစ်ချက်ကို ဖောက်ဖျက်သူ မည်သူမဆို ပြစ်မှုဆိုင်ရာ ဥပဒေများအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

“တောင်ကြီးမြို့နယ်အတွင်းမှာ ခွင့်ပြုချက်မရဘဲနဲ့ အများပြည်သူ အထိတ်တလန့် ဖြစ်စေတဲ့ ဗြောက်အိုး၊ မီးရှူးစတာတွေ မဖောက်ဖို့၊ ရောင်းဝယ်တာတွေ မလုပ်ဖို့ အမိန့်စာ ထုတ်တာပေါ့။ အမှန်ကတော့ အမိန့်ထုတ်စရာကို မလိုဘူး။ ဥပဒေကတော့ ရှိပြီးသားပဲ။ တားမြစ်ချက်ကို ဖောက်ဖျက်ရင်တော့ ပုဒ်မ ၁၈၈ နဲ့ ထုတ်ပြန်ပြီး ဖမ်းဆီးအရေးယူရမှာပေါ့။ ခွင့်ပြုချက်မရှိဘဲလို့ ရေးထားတယ်။ ဘာလို့လဲဆိုတော့ တောင်ကြီး တန်ဆောင်တိုင်လို မီးပုံးပျံပွဲတော်ကြီးကတော့ ခွင့်ပြုချက်အရ ပြုလုပ်ရတာဆိုတော့ ပြင်ပမှာ ခွင့်ပြုချက်မရဘဲ ဖောက်ရင်တော့ တားမြစ်တဲ့အနေနဲ့ အမိန့်စာထုတ်တဲ့ သဘောပါပဲ” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းစိုးက ပြောကြားသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ အထက်ပါအမိန့်စာကို ထုတ်ပြန်ရခြင်းဖြစ်ပြီး ထုတ်ပြန်သည့် ရက်မှစ၍ သီတင်းကျွတ်၊ တန်ဆောင်မုန်း ကာလများအတွင်း အကျုံးဝင်မည် ဖြစ်ကြောင်း သိရသည်။

 

Most Recent