မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် (၁၃၉) နှစ်ပြည့် မတကဘတ်ဆွမ်း ဆက်ကပ်ခြင်းနှင့် ဆွေတော်မျိုးတော်များ သက်ကြီးပူဇော်ပွဲ အခမ်းအနား မန္တလေး မြနန်းစံကျော် ရွှေနန်းတော်တွင် ပြုလုပ်

မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် (၁၃၉) နှစ်ပြည့် မတကဘတ်ဆွမ်း ဆက်ကပ်ခြင်းနှင့် ဆွေတော်မျိုးတော်များ သက်ကြီးပူဇော်ပွဲ အခမ်းအနား မန္တလေး မြနန်းစံကျော် ရွှေနန်းတော်တွင် ပြုလုပ်
Published 27 September 2017

မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် (၁၃၉) နှစ်ပြည့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွေတော်မျိုးတော်များ သက်ကြီးပူဇော်ပွဲ ပြုလုပ်စဉ်

ရတနာပုံ မန္တလေးမြို့တည် နန်းတည် မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် (၁၃၉) နှစ်ပြည့် မတကဘတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ကုန်းဘောင်ဆက်ဆွေတော် မျိုးတော်များ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၆ ရက် နံနက် ၉ နာရီက မန္တလေး မြနန်းစံကျော် ရွှေနန်းတော်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် (၁၃၉) နှစ်ပြည့် မတကဘတ်ဆွမ်းကပ် ခြင်း (သေဆုံးသူအား ရည်မှန်း၍ ဆွမ်းဆက်ကပ်ခြင်းအလှူ) အား ကုန်းဘောင်ဆက် မောင်နှမများက စုပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားတွင် သံဃာတော်များထံမှ သီလခံယူဆောက်တည်ခြင်း၊ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်း လောင်းလှူခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် အခမ်းအနား ဒုတိယအစီအစဉ်အဖြစ် မင်းတုန်းမင်းတရားကြီး၊ ကနောင်မင်းသားကြီးနှင့် သီပေါမင်းတရားကြီးတို့၏ သက်တော်ကြီးသည့် အနွယ်တော်များအား ကုန်းဘောင်ဆက် မောင်နှမများက ပူဇော်ကန်တော့ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် (၁၃၉) နှစ်ပြည့် မတကဘတ် ဆွမ်းကပ်လှူဒါန်းခြင်းနဲ့ သက်ကြီးပူဇော်ပွဲကို ကုန်းဘောင်ဆက် မောင်နှမတွေက စုပေါင်းပြီးတော့ ပြုလုပ်တာ ဖြစ်ပါတယ်။ မင်းတုန်းမင်းတရားကြီး နတ်ပြည်စံပြီးနောက်မှာ သားတော်သီပေါမင်း တရားကြီးက ဟောဒီမြနန်းစံကျော် ရွှေနန်းတော် အတွင်းမှာ မတကဘတ်ဆွမ်း ဆက်ကပ်ခဲ့ပါတယ်။ သူ့ကျွန်ဘ၀ ကျရောက်သွားပြီးချိန်မှာတော့ နန်းတော်အတွင်းမှာ ပြုလုပ်ခွင့်မရတော့ပါဘူး။ ဒါကို ပျဉ်းမနားမင်းသားကြီးနဲ့ ထရံကာထပ်ခေါင်တင် ဇနီးမောင်နှံတို့က ရောက်ရှိရာ အရပ်ဒေသတွေမှာ ဆက်လက်ပြီးတော့ ပြုလုပ်ခဲ့ကြပြီး သူတို့မရှိကြတော့တဲ့ နောက်မှာ မတကဘတ်ဆွမ်း ဆက်ကပ်ခြင်းကို ပြုလုပ်နိုင်ခြင်း မရှိတော့ပါဘူး။ ၂၀၁၅ ခုနှစ် ရောက်ချိန်မှာတော့ မင်းတုန်းမင်းတရားကြီးရဲ့ ကုသိုလ်တော်ဖြစ်တဲ့ ရွှေကျင်တိုက်မကြီးမှာရှိတဲ့ ကျွန်းကျောင်းကြီးမှာ ကုန်းဘောင်ဆက် မောင်နှမတွေက ပြန်လည်ကျင်းပ ပြုလုပ်နိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ မြနန်းစံကျော် ရွှေနန်းတော် အတွင်းမှာ ပါတော်မူပြီး နောက်ပိုင်းကာလအတွင်းက ဆက်လက်ကျင်းပခွင့်မရခဲ့တဲ့ မင်းတုန်းမင်း တရားကြီး နတ်ပြည်စံသက်အဖြစ် မတကဘတ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းကို ပြန်လည်ကျင်းပခွင့် ရရှိခဲ့ပါတယ်။ ဒီနှစ်ကတော့ ဒုတိယအကြိမ်မြောက် ပြန်လည်ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ကုန်းဘောင်ဆက် မောင်နှမများမှ ကိုထိပ်တင်အောင်က ပြောကြားသည်။

မင်းတုန်းမင်းတရားကြီး၏ ၁၃၉ နှစ် ပြည့် နတ်ပြည်စံသက်အဖြစ် မတကဘတ်ဆွမ်းကပ်ခြင်း အခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ မင်းတုန်းမင်းတရားကြီး၏ မြစ်တော်၊ တီတော်များ၊ ကနောင်မင်းသားကြီး၏ မြစ်တော်၊ တီတော်များ၊ သီပေါမင်းတရားကြီး၏ မြစ်တော်၊ တီတော်များ အစရှိသည့် ကုန်းဘောင်ဆက် အနွယ်တော်များ တက်ရောက်ခဲ့ကြသည်။ ပဉ္စမသင်္ဂါယနာတင် ရတနာပုံမန္တလေး မြို့တည် နန်းတည် မင်းတုန်းမင်း တရားကြီးသည် မြန်မာသက္ကရာဇ် ၁၂၄၀ ခုနှစ် သီတင်းကျွတ်လဆန်း ၆ ရက်တွင် နတ်ရွာစံ ကံတော်ကုန်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent