၂၀၁၇ ခုနှစ် စက်တင်ဘာ လလယ်တွင် မိုးရွာနှုန်း လျော့နည်းလာပြီး အပူချိန် မြင့်တက်မှုကြောင့် အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရမှု မဂ္ဂါဝပ် ၃၀၄၀ ကျော်အထိ ရောက်ရှိလာကာ ပြီးခဲ့သည့်နွေကာလ လျှပ်စစ်ဓာတ်အား သုံးစွဲမှုနီးပါး ဖြစ်လာ

၂၀၁၇ ခုနှစ် စက်တင်ဘာ လလယ်တွင် မိုးရွာနှုန်း လျော့နည်းလာပြီး အပူချိန် မြင့်တက်မှုကြောင့် အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရမှု မဂ္ဂါဝပ် ၃၀၄၀ ကျော်အထိ ရောက်ရှိလာကာ ပြီးခဲ့သည့်နွေကာလ လျှပ်စစ်ဓာတ်အား သုံးစွဲမှုနီးပါး ဖြစ်လာ
Published 26 September 2017

၂၀၁၇ ခုနှစ် စက်တင်ဘာလလယ်တွင် မိုးရွာသွန်းမှုနှုန်း လျော့နည်းလာပြီး အပူချိန် မြင့်တက်မှုကြောင့် အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရမှု မဂ္ဂါဝပ် ၃၀၄၀ ကျော်အထိ ရောက်ရှိခဲ့ကာ ပြီးခဲ့သည့်နွေကာလအတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှုနီးပါးဖြစ် ပေါ်လာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

“ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်စာရင်းအရဆိုရင် ရေအားစက်ရုံတွေရဲ့အမြင့်ဆုံး လျှပ်စစ်ထုတ်လုပ်မှုက ၂၁၅၁ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့သုံး စက်ရုံတွေရဲ့ အမြင့်ဆုံး လျှပ်စစ်ထုတ်လုပ်မှုက ၈၃၂ မဂ္ဂါဝပ်၊ ကျောက်မီးသွေးစက်ရုံရဲ့ အမြင့်ဆုံး လျှပ်စစ်ထုတ်လုပ်မှုက ၆၉ မဂ္ဂါဝပ်ပါ။ တစ်နေ့တာ ၂၄ နာရီအတွင်း အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရမှုက ၃၀၄၁ မဂ္ဂါဝပ်ဖြစ်ပါတယ်။ ဒီလျှပ်စစ် အမြင့်ဆုံးထုတ်လုပ်ရမှုက ပြီးခဲ့တဲ့ နွေကာလ နီးပါးရောက်နေပါပြီ။ တစ်နည်းအားဖြင့် မိုးကုန်ခါနီး ရာသီမှာတင် ပြီးခဲ့တဲ့ နွေကာလနီးပါး ရောက်နေပါပြီ” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

စက်တင်ဘာလအတွင်း နှစ်အလိုက် လျှပ်စစ်ဓာတ်အား အမြင့်ဆုံး ထုတ်လုပ်နိုင်ခဲ့မှု ပမာဏများမှာ ၂၀၁၅ ခုနှစ်တွင် မဂ္ဂါဝပ် ၂၄၃၀၊ ၂၀၁၆ ခုနှစ်တွင် ၂၇၂၃ မဂ္ဂါဝပ်၊ ၂၀၁၇ ခုနှစ်တွင် ၃၁၀၅ မဂ္ဂါဝပ်ဖြစ်ပြီး နှစ်စဉ် အကြမ်းအားဖြင့် မဂ္ဂါဝပ် ၃၀၀ ဝန်းကျင် မြင့်တက်လာခဲ့သည်။ ထို့အတူ နှစ်အလိုက် စက် တင်ဘာ ၂၂ ရက်အတွင်း လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီယူနစ် (kWh/ day) အလိုက် အမြင့်ဆုံး ထုတ်လုပ်နိုင်ခဲ့သည့် ပမာဏများ ၂၀၁၅ ခုနှစ်တွင် ၄၆၅၀၄၇၈၀ kWh/ day၊ ၂၀၁၆ ခုနှစ်တွင် ၅၁၇၂၈၆၇၀ kWh/ day၊ ၂၀၁၇ ခုနှစ်တွင် ၆၀၄၆၃၂၁၀ kWh/ day တို့ဖြစ်သည်။ ထို့ကြောင့် နှစ်အလိုက် ပြန်နှိုင်းယှဉ်ပါက ၂၀၁၆ ခုနှစ်ကထက် ၂၀၁၇ ခုနှစ်တွင် ကီလိုဝပ် နာရီယူနစ်ပေါင်း ၈၇၃၅၀၀၀ ပိုမို ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံများ တည်ဆောက်ခြင်း၊ ရှိနှင့်ပြီး စီမံကိန်းများအား ဓာတ်အား ထုတ်လုပ်မှု တိုးမြှင့်ခြင်းလုပ်ငန်းများအတွက် ကျပ် ၁၀၇ ဘီလျံကျော် အသုံးပြုမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အသုံးစရိတ်များစာရင်းအရ သိရသည်။

လက်ရှိ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းအတွက် ဆောင်ရွက်မည့် အစီအစဉ်များထဲတွင် ဘီလူးချောင်း (၁) နှင့် ဆည်တော်ကြီး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများကို အလုံးစုံ ပြုပြင်မွမ်းမံမည်ဖြစ်ပြီး အသုံးစရိတ် ကျပ်၂၁၉၈ ဒသမ ၀၇၀ သန်း ခွင့်ပြုထားသည်။ ထို့ပြင် သထုံ၊ သီလဝါ၊ ပုထိုးလုံဒေသများတွင် ဓာတ်အားပေး စက်ရုံများ တည်ဆောက်သွားမည်ဖြစ်ပြီး မြန်အောင်၊ ရွာမ၊ လှော်ကား၊ ကျွန်းချောင်း၊ ရွှေတောင်၊ သာကေတ၊ အလုံတို့ရှိ ဓာတ်အားပေး စက်ရုံများကိုလည်း မဂ္ဂါဝပ် တိုးမြှင့် ထုတ်လုပ်သွားမည်ဖြစ်ကာ ယင်းစီမံကိန်းများအတွက် ကျပ် ၁၀၅၁၇၅ ဒသမ ၆၈၂ သန်း သုံးစွဲမည် ဖြစ်သည်။

ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၏ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများတွင် စက်မှုလက်မှု လုပ်ငန်းသစ်များအတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းများအတွက် ကျပ်၂၀၃၈၉ ဒသမ ၇၉၅ သန်း၊ မဟာဓာတ်အားလိုင်းစနစ် တိုးချဲ့ရေး စီမံကိန်းများအတွက် ကျပ်၂၂၃၇၂၀ ဒသမ ၃၁၆ သန်း ၊ တိုးချဲ့ပင်မခွဲရုံနှင့် မဟာဓာတ်အားလိုင်း လုပ်ငန်းများအတွက် ကျပ် ၆၁၇ ဒသမ ၃၆၈ သန်း၊ အစားထိုးပင်မခွဲရုံ နှင့် မဟာဓာတ်အားလိုင်း လုပ်ငန်းများအတွက် ကျပ် ၂၂၃၉၃ ဒသမ ၉၇၁ သန်း သုံးစွဲခွင့်ပြုထားကြောင်း သိရသည်။

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများမှာ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအတွက် (စီမံကိန်း တစ်ခုလုံး၏ ၃၆ ဒသမ ၉၅ ရာခိုင်နှုန်း ပြီးစီးရန်) ကျပ် ၂၁၄၉၃ သန်း၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းအတွက် (စီမံကိန်းတစ်ခုလုံး၏ ၆၈ ဒသမ ၀၈ ရာခိုင်နှုန်းပြီးစီးရန်) ကျပ် ၄၆၁၃၈ သန်း ခွင့်ပြုထားသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လက်ရှိဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ၊ ၀ ဒသမ ၄ ကေဗွီ ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းအတွက် ကျပ် ၅၅၁၂၁ ဒသမ ၆၈၁ သန်း၊ ချင်းပြည်နယ် လိုင်လင်းပီမြို့နှင့် ခိုင်ကမ်းမြို့တွင် မြို့နယ်လျှပ်စစ်မှူးရုံးနှင့် ဒီဇယ် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်း လုပ်ငန်းအတွက် ကျပ် ၂၇၇ ဒသမ ၂၇၉ သန်း ၊ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေး စီမံချက်ဖြင့် ကျေးရွာများ ဓာတ်အားစနစ်ဖြင့် ဓာတ်အား ရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံပစ္စည်းများ ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း လုပ်ငန်းအတွက် ကျပ် ၇၇၈၄၀ သန်း သုံးစွဲသွားမည် ဖြစ်ကြောင်း အသုံးစရိတ်ခွဲဝေမှု စာရင်းများအရ သိရသည်။

Most Read

Most Recent