သိန်းထောင်ချီ လာဘ်စားမှုကြောင့် တရားစွဲဆို ခံရသည့် ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချို အပါအဝင် ငါးဦး၏ အမှုတွင် တရားလိုဘက်မှ သက်သေခံအဖြစ် စာချုပ်စာတမ်းများ တင်သွင်း

သိန်းထောင်ချီ လာဘ်စားမှုကြောင့် တရားစွဲဆို ခံရသည့် ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချို အပါအဝင် ငါးဦး၏ အမှုတွင် တရားလိုဘက်မှ သက်သေခံအဖြစ် စာချုပ်စာတမ်းများ တင်သွင်း
Published 26 September 2017

သိန်းထောင်ချီ လာဘ်စားမှုကြောင့် တရားစွဲဆို ဖမ်းဆီးထားသူများကို စက်တင်ဘာ ၂၅ ရက်က ရုံးထုတ်လာစဉ်

သိန်းထောင်ချီ လာဘ်စားမှုကြောင့် တရားစွဲဆို ဖမ်းဆီးထားသည့် ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချို အပါအဝင် ငါးဦးကို စက်တင်ဘာ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ ဆက်လက် ရုံးထုတ်ခဲ့သည်။

ယင်းနေ့ရုံးချိန်းတွင် အမှုနှင့်ပတ်သက်ပြီး တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးစိန်တင်အား ဆက်လက်စစ်ဆေးခဲ့ပြီး တရားလိုမှ အမှုနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို သက်သေခံအဖြစ် တင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါ သက်သေခံ စာရွက်စာတမ်းများမှာ တိုင်ကြားသူနှင့် တိုင်ကြားခံရသူများကို စစ်ဆေးခဲ့သည့် မှတ်တမ်းများ၊ အမှုနှင့် ပတ်သက်၍ သိမ်းဆည်းထားသည့် ယာဉ်များ၏ စာရွက်စာတမ်းများဖြစ်ကြောင်း သိရသည်။

ယင်းသို့ သက်သေခံ တင်သွင်းမှုများအနက် နှစ်ဦးသဘောတူ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်း ကတိစာချုပ်နှင့် နှစ်ဦးသဘောတူ မြေကွက် အရောင်းအဝယ် ပူးပေါင်းဆောင်ရွက်ခြင်း ကတိစာချုပ်စာတမ်း မိတ္တူများကို တရားလိုဘက်မှ သက်သေခံအဖြစ် တင်သွင်းရာ စွပ်စွဲခံရသူ ငါးဦး၏ ရှေ့နေများက ကန့်ကွက်သော်လည်း တရားသူကြီးက အဆိုပါ စာချုပ်စာတမ်းများကို သက်သေခံအဖြစ် လက်ခံခဲ့ကြောင်း သိရသည်။

“ဒီနေ့က တရားလို ဦးစိန်တင်ရဲ့ အဓိက ထွက်ဆိုချက်တွေ စစ်ဆေးမှု ပြီးသွားပြီ။ အဲဒီမှာ ဥပဒေအရ အငြင်းပွားမှုလေး တစ်ချက်ဖြစ်တယ်။ တစ်ဖက်က မိတ္တူမှန် တစ်ခုကို အမှုစစ် လက်မှတ်ထိုးထားတဲ့ စာရွက်ကို တင်ပြတယ်။ အဲဒါကို ရှေ့နေ ငါးဦးစလုံးက ကန့်ကွက် တင်ပြတယ်။ အဲဒီအပေါ်မှာ တရားရုံးက အမိန့်ချတယ်။ အဲဒီမိတ္တူနှစ်စောင်ကို သက်သေပြရန် တာဝန်နှင့်အတူ လက်ခံခဲ့ပါတယ်။ နောက်ရုံးချိန်းမှာ ပြန်လှန်မေးခွန်း မေးမြန်းမှုကို စစ်ဆေးမှာပါ”ဟု စွပ်စွဲခံရသူများ၏ ရှေ့နေတစ်ဦးဖြစ်သည့် ဦးချစ်ကိုကိုက ပြောကြားသည်။

ထို့ပြင် တရားစွဲဆို ခံရသူများအနက် ဦးကျော်ဇေယျအတွက် ၎င်းရှေ့နေက အာမခံ လျှောက်ထားမှုအား တရားသူကြီးက ပယ်ချခဲ့ကြောင်း သိရသည်။

နောက်ရုံးချိန်းကို အောက်တိုဘာ၂ ရက်သို့ ချိန်းဆိုခဲ့ပြီး ယင်းနေ့တွင် တရားလိုအား စွပ်စွဲခံရသူ ရှေ့နေများက ပြန်လှန်မေးခွန်း မေးမြန်းမှု စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းအမှုမှ တရားစွဲဆို ခံထားရသူများအနက် ထွက်ပြေး တိမ်းရှောင်နေသည့် မော်လိုက်ခရိုင်ထွေ/အုပ် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ရဲသွေးအား ဖမ်းဆီးရမိခြင်း မရှိသောကြောင့် ဖမ်းဝရမ်းကို တရားသူကြီးထံ ပြန်လည် တင်သွင်းခဲ့သဖြင့် အမှုကို စတင်စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသူ ခြောက်ဦးအနက် ဖမ်းဆီးရမိထားသူ ဦးပြုံးချိုအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် တရားစွဲဆိုထားပြီး ကျန်လေးဦးအား အဂတိလိုက်စားမှု တိုက်ပုဒ်မ ၅၆/၆၃ ဖြင့် တရားစွဲဆိုထားကာ ဖမ်းမမိသေးသည့် ဦးကျော်ရဲသွေး ဆိုသူကို ရာဇဝတ် အထွေထွေအမှုအမှတ် ၁/၂၀၁၇၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ၅၆/၆၃၊ ကျင့် ၅၁၂ တို့ဖြင့် ဇူလိုင်၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဧပြီလအတွင်းက စတင်ဖြစ်ပွားခဲ့ပြီး ရန်ကုန်မြို့ရှိ မြေကွက် တစ်ကွက်နှင့် ပတ်သက်ပြီး သိန်းထောင်ဖြင့်ချီသော အဂတိလိုက်စားမှု ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကို မူလက ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိများ ပါဝင် ပတ်သက်နေသည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လွဲှပြောင်းပေးပြီး ကိုင်တွယ်စေခဲ့ခြင်း ဖြစ်သည်။

တရားစွဲခံရသည့် ဦးပြုံးချို အပါအဝင် ငါးဦးအနက် အချို့မှာ ပြည်ထဲရေးဝန်ကြီးဌာနတွင် အဆင့်မြင့်ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်သည်။

Most Read

Most Recent