မြန်မာနိုင်ငံတွင် မျက်စိအတွင်းတိမ်လူနာ သုံးသိန်းကျော်ရှိကြောင်း သိရ

မြန်မာနိုင်ငံတွင် မျက်စိအတွင်းတိမ်လူနာ သုံးသိန်းကျော်ရှိကြောင်း သိရ
Published 26 September 2017

မြန်မာနိုင်ငံတွင် မျက်စိအတွင်းတိမ် ရောဂါဖြစ်ပွားသူ သုံးသိန်းကျော် ရှိနေကြောင်း ရန်ကုန်မျက်စိရောဂါ အထူးကုဆေးရုံကြီး၊ မျက်စိရောဂါပညာဌာနမှ သိရသည်။

၁၉၉၇ ခုနှစ်စစ်တမ်းများအရ မြန်မာနိုင်ငံတွင် မျက်မမြင်ဖြစ်သည့် ရာခိုင်နှုန်း ၀ ဒသမ ၅၈ ရာခိုင်နှုန်းရှိပြီး အတွင်းတိမ်ကြောင့် မျက်စိကွယ်သည့် ရာခိုင်နှုန်းမှာ ၀ ဒသမ ၃၆ ရာခိုင်နှုန်းအထိ ပါဝင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

မျက်စိကွယ်သွားနိုင်သည့် အကြောင်းရင်းများမှာ မျက်စိအတွင်းတိမ်ရောဂါသည် အဓိက အကြောင်းရင်းဖြစ်ပြီး ရေတိမ်၊ မျက်ကြည်လွှာတွင်ဖြစ်သော ရောဂါ၊ မျက်စိ အာရုံလွှာတွင်ဖြစ်သော ရောဂါနှင့် ထိခိုက်ဒဏ်ရာကြောင့်ဖြစ်ခြင်း စသည်တို့ကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ ယခင်အချိန်ကာလများတွင် မျက်စိအတွင်းတိမ်ရောဂါကို အသက် ၆၀ ကျော်မှ ဖြစ်ပွားမှုတွေ့ရှိရပြီး ယခုတွင် အသက် ၄၀ ကျော်အရွယ်တွင် ယင်းရောဂါကို စတင်တွေ့ရှိလာကြောင်း ရန်ကုန်မျက်စိ ရောဂါအထူးကုဆေးရုံကြီး၊ မျက်စိရောဂါပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာတင်ဝင်းက ပြောကြားသည်။

“လူတစ်ယောက် အတွင်းတိမ်ဖြစ်မဖြစ် ဘယ်လိုသိနိုင်လဲဆိုတော့ ပထမဆုံးသိတာက သူကမှုန်သွားတယ်။ တော်တော်များများ မျက်စိမှုန်ပြီဆိုရင် မျက်မှန်ဆိုင်ပြေးလိုက်တယ်။ မျက်မှန်တပ်လိုက်တယ်။ သူကမျက်စဉ်းဆေးနဲ့လည်း မပျောက်ဘူး။ ဆေးသောက်လည်း မပျောက်ဘူး။ မျက်မှန်တပ်လည်း မထူးဘူး။ ဘာလုပ်ရမလဲဆိုတော့ ခွဲတဲ့နည်းတစ်ခုပဲရှိတယ်။ ခွဲရမယ်။ ခွဲပြီးလို့ရှိရင် ဆရာတို့က ခွဲပြီးသားနေရာမှာ မှန်ဘီလူးထည့်လိုက်မယ်။ ထည့်လိုက်တဲ့အခါမှာ သဘာဝအတိုင်း ပြန်မြင်သွားတယ်။ ဘာကြောင့်မျက်စိမှုန်လဲဆိုတဲ့ အကြောင်းရင်း စစ်ဆေးပြီးတော့မှ ရောဂါမရှိဘူးဆိုမှ မျက်မှန်တပ်ရမယ်။ ဒီမှာက ပြောင်းပြန်လွဲမှားနေကြတာ။ မျက်မှန်လေးနဲ့ ကျေနပ်နေကြတယ်။ ရောဂါကိုရှာရမယ်။ ရောဂါရှာလို့ ရောဂါကြောင့်ဆို ကုရမယ်။ တချို့က သက်တန့်ကွင်းတွေ မြင်နေရတယ်။ သက်တန့်ကွင်းတွေ မြင်နေရရင်မပေါ့နဲ့။ အမြန်ဆုံး ဆရာဝန်နဲ့ ပြသင့်တယ်။ အတွင်းတိမ်ကြောင့်လား၊ ရေတိမ်ကြောင့်လား ဆိုတာကို ပြရမယ်” ဟု ၎င်းက ဆိုသည်။

မျက်စိအတွင်းတိမ်ရောဂါသည် ဆီးချို ရောဂါရှိသူများနှင့် စိတ်ရောဂါဖြစ်ပွားနေသူများတွင် အများဆုံးဖြစ်ပွားကြောင်း၊ မြန်မာနိုင်ငံတွင် မျက်စိအတွင်းတိမ် လူနာသုံးသိန်းကျော် ရှိသော်လည်း တစ်သိန်းကျော် ခွဲစိတ်မှုပေးနိုင်သေးကြောင်း သိရသည်။

Most Read

Most Recent