အကြမ်းဖက်သမားများ၏ ထောင်ချောက်အတွင်း မကျရောက်ရန် သတိကြီးစွာထားရမည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂအထွေထွေညီလာခံတွင် သတိပေးပြောကြား

အကြမ်းဖက်သမားများ၏ ထောင်ချောက်အတွင်း မကျရောက်ရန် သတိကြီးစွာထားရမည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂအထွေထွေညီလာခံတွင် သတိပေးပြောကြား
Published 25 September 2017

စက်တင်ဘာ ၂၃ ရက်က စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ့်ရှ်နန်အား ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေး၌ တွေ့ရစဉ် (Photo: AFP)

အစွန်းရောက်များအား တုန့်ပြန်ရာတွင် ကမ္ဘာ့ခေါင်းဆောင်များသည် သတိကြီးစွာထားပြီး စဉ်းစားဆင်ခြင်ကြရမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ့်ရှ်နန်က ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၇၂ ကြိမ်မြောက် အစည်းအဝေးတွင် စက်တင်ဘာ ၂၃ ရက်က ပြောကြားခဲ့သည့် မိန့်ခွန်း၌ သတိပေးခဲ့သည်။

“ နေရာတိုင်းက အစွန်းရောက်တွေမှာ ဘုံလမ်းညွှန်စာရပ် ရှိကြပါတယ်။ ပထမဆုံး ကမ်းကုန်အောင် ရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ကျူးလွန်မယ်။ ဒုတိယအနေနဲ့ “ကျွန်တော်တို့ ” နဲ့ “ သူတို့” ဆိုတဲ့ အနှိုင်းခံစားမှုကို သယ်ဆောင်လာဖို့ အဲ့ဒီအခြေအနေကို ဘာသာရေးတံဆိပ်ကပ်မယ်။ တတိယအနေနဲ့ အလွန်အကျွံ တုံ့ပြန်မှုကြောင့် အကွဲအပြဲဖြစ်စေခြင်းနဲ့ အလယ်အလတ်ဧရိယာကို ဖျောက်ပစ်မယ်” ဟု ဘာလာခရစ့်ရှ်နန်က ပြောကြားခဲ့သည်။

“အကြမ်းဖက်သမားတွေရဲ့ ထောင်ချောက်ထဲ မကျဖို့ ကျွန်တော်တို့ အရမ်း သတိထားရပါမယ်” ဟု သူက သတိပေးခဲ့သည်။

ဒေါက်တာ ဘာလာခရစ့်ရှ်နန်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် သြဂုတ်လက အကြိမ်းဖက်မှုကြောင့် ဖြစ်ပွားခဲ့သော ပဋိပက္ခအား ကိုးကားခဲ့ပြီး လူမျိုး ဘာသာနှင့် ဇာတိကို မခွဲခြားဘဲ ကြမ်းဖက်မှုကြောင့် အရပ်သားတိုင်းကို ကာကွယ်ရန် အစိုးရတိုင်းတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သတင်းပတ်က နေပြည်တော်သို့ သွားရောက်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ဘာလာခရစ့်ရှ်နန်က ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားနေမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် စိတ်ဒုက္ခရောက်နေပြီး နာကျင်ခံစားနေရကြောင်း ပြောကြားခဲ့သည်။

ရခိုင်အခြေအနေသည် “ နက်ရှိုင်းသော သမိုင်းဆိုင်ရာ ဇာတ်မြစ်ရှိပြီး ရှုပ်ထွေးသော အုပ်စု ပဋိပက္ခဖြစ်ကြောင်း ဒေါက်တာ ဘာလာခရစ့်ရှ်နန်က ပြောကြားခဲ့ပြီး ယင်းပြဿနာကို ချက်ချင်းဖြေရှင်း၍ ရမည်မဟုတ်ကြောင်း ဆိုခဲ့သည်။ အာဆီယံသည် တည်ငြိမ်ရေး ပြန်လည်တည်ဆောက်ရန် ရေရှည်ဖြေရှင်းမှုတစ်ရပ် ရှာဖွေရေးအား မြန်မာနိုင်ငံကို ကူညီသွားမည်ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ အပါအဝင် ကမ္ဘာတစ်ဝန်း၌ အကြမ်းဖက်သမားများသည် အဆိပ်ပြင်းသော အစွန်းရောက် အကြံများကို ဖြန့်ကျက်ရန် အင်တာနက်ကို အသုံးပြုနေကြသည်။ ဆိုင်ဘာတိုက်ခိုက်မှုများနှင့် သတင်းတုများသည် တဟုန်ထိုးတိုးပွားလာပြီး ကမ္ဘာ၏ နေရာအနှံအပြားတွင်း ပဋိပက္ခများ ရှိနေဆဲဖြစ်သည့်အပြင် အသစ်များလည်း ပေါ်ထွက်လာနေကြောင်း ဘာလာခရစ့်ရှ်နန်က ပြောကြားခဲ့သည်။

Most Read

Most Recent