ဖားကန့်ရတနာမြေနှင့် သစ်တောကြိုးဝိုင်းမြေနှစ်ခု ထပ်နေသည့်အတွက် ကြိုးဝိုင်းမြေအတွင်း ရတနာတူးဖော်မှုကို တားမြစ်နိုင်ခြင်းမရှိဘဲ သစ်ပင်စိုက်ပျိုးရန်ပင် မြေရှားပါးမှု ကြုံနေကြောင်း သစ်တောအရာရှိ ပြောကြား

ဖားကန့်ရတနာမြေနှင့် သစ်တောကြိုးဝိုင်းမြေနှစ်ခု ထပ်နေသည့်အတွက် ကြိုးဝိုင်းမြေအတွင်း ရတနာတူးဖော်မှုကို တားမြစ်နိုင်ခြင်းမရှိဘဲ သစ်ပင်စိုက်ပျိုးရန်ပင် မြေရှားပါးမှု ကြုံနေကြောင်း သစ်တောအရာရှိ ပြောကြား
Published 25 September 2017

ဖားကန့်ရတနာမြေနှင့် သစ်တောကြိုးဝိုင်းမြေ နှစ်ခုထပ်နေသည့်အတွက် ကြိုးဝိုင်းမြေအတွင်း ရတနာတူးဖော်မှုကို တားမြစ်နိုင်ခြင်းမရှိဘဲ သစ်ပင်စိုက်ပျိုးရန်ပင် မြေရှားပါးမှု ကြုံနေကြောင်း သစ်တောဦးစီးဌာနမှ ဖားကန့်မြို့နယ်တာဝန်ခံ ဦးကြည်ရွှင်က ပြောကြားသည်။

ဖားကန့်ရတနာမြေ အတွင်းရှိ မြေများမှာ တန်ဖိုးရှိသောမြေများ ဖြစ်နေပြီး မြေပိုင်ဆိုင်မှုမှာ ရှုပ်ထွေးကြောင်း၊ ကျောက်မျက်ရတနာ တူးဖော်ရှာဖွေသည့် လုပ်ငန်းကိုသာ အဓိက အားထားကြသည့်အတွက် ရပ်ကွက် ကျေးရွာများတွင် သစ်ပင်စိုက်ပွဲတော်များ ကျင်းပရန်အတွက်ပင် မြေနေရာ အခက်အခဲများ ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့က သစ်ပင်စိုက်ပွဲလုပ်ချင်လို့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့တွေ့ပြီး မြေတစ်ဧက၊ နှစ်ဧကလောက် ရှိလားလို့မေးတယ်။ ဘယ်မှာမှ မြေမရှိဘူး။ အကုန်လုံးက တန်ဖိုးရှိတဲ့ မြေတွေချည်း ဖြစ်နေတယ်။ အဲဒီတော့ သစ်ပင်စိုက်ချင်တယ်။ မြေမရှိဘူး။ အဲဒါပြဿနာ ဖြစ်နေတယ်။ ကျွန်တော်တို့ဆီမှာ ဖြစ်နေတာက ကြိုးဝိုင်းမြေ၊ ရတနာမြေ နှစ်ခုသွားထပ်နေတယ်။ အုပ်ချုပ်ရတာခက်တယ်။ သူတို့က လုပ်ကွက်ချပေးရင် ချပေးတယ်။ ချပေးလိုက်တာ ကြိုးဝိုင်းထဲဖြစ်တော့ တစ်ဖက်ကလည်း အစိုးရက ကိုယ့်နိုင်ငံ အတွက်ပဲ အကျိုးတူ လုပ်ကြတယ်ဆိုတော့ နည်းနည်းတော့ ခက်တာပေါ့ဗျာ။ စိုက်ခင်းသွားလုပ်မယ် ဆိုရင်လည်း ကျွန်တော်တို့က နှစ်ဖက်စလုံးကို သွားညှိရတယ်။ သူတို့မှာလည်း အစိုးရကပုံစံ ၁၀၅/၁၀၆ လိုမျိုး ကေအိုင်အေက ပေးထားတာရှိတယ်။ အစိုးရစိုက်ခင်းလုပ်မယ် ဆိုရင်တောင် တောင်းပန်တိုးလျှိုးပြီးမှ လုပ်နေရတယ်။ သစ်ပင်စိုက်ဖို့ကို ခက်နေတယ်။ ကိုယ့်ကြိုးဝိုင်းပေမယ့် ကိုယ်မပိုင်ဘူး။ အဲဒီလိုဖြစ်နေတယ်” ဟု သစ်တောဦးစီးဌာနမှ ဖားကန့်မြို့နယ်တာဝန်ခံ ဦးကြည်ရွှင်က ပြောကြားသည်။

ဖားကန့်မြို့နယ် သစ်တောဦးစီးဌာနမှ စာရင်းအရ ယခုနှစ်အတွင်း သစ်ပင်စိုက်ပျိုးမှု အနေဖြင့် ဒေသခံအစုအဖွဲ့ပိုင် မြေပေါ်တွင် ကျွန်းနှင့် ပျဉ်းကတိုး အပင်ပေါင်း ၁၉၅၀၀၀၊ ကျေးရွာသုံး ထင်းစိုက်ခင်း အပင်ပေါင်း ၂၄၀၀၊ ရေဝေရေလဲဒေသတွင် အော်ရေးရှားနှင့် မယ်ဇလီပင်ပေါင်း ၁၀၀၀၀၊ ကျောက်မျက်ကုမ္ပဏီ ၂၄ ခုမှ စိုက်ပျိုးသည့် အပင်ပေါင်း ၄၅၉၇၇၊ ဘာတီဘာမြက် မျိုးစေ့ပေါင်း ၉၀၀၀၀၊ ပျိုးပင်ပေါင်း ၁၅၆၀၀၀ စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ် သစ်တောဦးစီးဌာနမှ စမ်းသပ်ချက်များအရ ပင်ကြီးမျိုးဖြစ်သည့် မအူလက်သန်းပင်မှာ စွန့်ပစ်မြေစာပုံများတွင် အလွယ်တကူ ဖြစ်ထွန်းကြောင်း၊ အခြားအပင်များဖြစ်သည့် ဘောစကိုင်း၊ အော်ရေးရှား၊ ပျဉ်းကတိုးတို့မှာလည်း စွန့်ပစ်မြေစာပုံများ၌ ဖြစ်ထွန်းကြောင်း သိရသည်။

 

Most Read

Most Recent