YBS စနစ်တွင် အသုံးပြုမည့် Yangon Payment စနစ်ကို တင်ဒါရရှိသည့် အဖွဲ့အစည်းသည် အများပိုင် ဘတ်စ်ကားကုမ္ပဏီများဖြင့်သာ တာဝန်ယူ၊ တာဝန်ခံမှုအပြည့်ဖြင့် လုပ်ဆောင်ရမည်ဟုဆို

YBS စနစ်တွင် အသုံးပြုမည့် Yangon Payment စနစ်ကို တင်ဒါရရှိသည့် အဖွဲ့အစည်းသည် အများပိုင် ဘတ်စ်ကားကုမ္ပဏီများဖြင့်သာ တာဝန်ယူ၊ တာဝန်ခံမှုအပြည့်ဖြင့် လုပ်ဆောင်ရမည်ဟုဆို
Published 25 September 2017

 

ရန်ကုန်မြို့လယ်တွင် YBS ယာဉ်စောင့်ဆိုင်းနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

YBS စနစ်တွင် အသုံးပြုမည့် Yangon Payment စနစ်ကို တင်ဒါရရှိသည့် အဖွဲ့အစည်းသည် အများပိုင်ဘတ်စ်ကားကုမ္ပဏီများ ဖြင့်သာ တာဝန်ယူ၊ တာဝန်ခံမှုအပြည့်နှင့် လုပ်ဆောင်ရမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

“ဒီဟာတွေအကုန်လုံးက တာဝန်ယူမှု တာဝန်ခံမှု အားလုံးဖြစ်လာရတော့မှာ ဖြစ်တဲ့အတွက်ကြောင့် အများပိုင်ကုမ္ပဏီ မဖွဲ့ရသေးသော ဘတ်စ်အော်ပရေတာများအားလုံးကို အများပိုင်အဖြစ် အမြန်ဆုံး ပြုပြင်ပြောင်းလဲပြီးတော့ ဖွဲ့စည်းမှာ။ ကျွန်မတို့ရဲ့ YBS စီအီးအိုက မကြာခင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ YPS တင်ဒါရသွားတဲ့သူတွေသည် တစ်ချိန်ဆက်ဆံရတဲ့အခါကျရင် ပိုက်ဆံ Switch လုပ်တဲ့အခါမှာ တကယ်အများပိုင်ကုမ္ပဏီတွေနဲ့ တာဝန်ယူ၊ တာဝန်ခံမှု အပြည့်နဲ့ ရှေ့ဆက်ပြီးတော့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးနော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

YBS စနစ်တွင် အများပိုင်ကုမ္ပဏီဖြစ်ပြီးသား သူများကိုသာ ပြေးဆွဲခွင့်ပြုတော့မည် ဖြစ်ပြီး အများပိုင်ကုမ္ပဏီဖွဲ့စည်းရာတွင် မပါဝင်သူများကို ပြေးဆွဲခွင့်ပြုမည်မဟုတ်ကြောင်း  သိရသည်။ YBS စနစ်တွင် အသုံးပြုမည့်  Yangon Payment စနစ်အတွက် တင်ဒါခေါ်ယူခဲ့ပြီး ယင်းစနစ်အတွက် နိုင်ငံတကာ ကုမ္ပဏီကြီးများ အပါအဝင် စုံစမ်းမေးမြန်းမှု များပြားကြောင်း စက်တင်ဘာ ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ်အဖြစ် Yangon Payment စနစ်နှင့်ပတ်သက်၍ ကုမ္ပဏီများနှင့် မေးမြန်းဆွေးနွေးပွဲမှ သိရသည်။

“ Yangon Bus Service (YBS) အတွက် ကို စီအီးအိုပြီးခဲ့တဲ့ အပတ်ကပဲ ခန့်လိုက်ပါတယ်။ ကိုဘိုဘိုဝင်းမောင်ပါ။ ကိုဘိုဘိုက City Bank မှာရော၊ ကမ္ဘောဇဘဏ်မှာရော ဒါရိုက်တာတစ်ယောက်ပါ။ ကိုဘိုဘိုက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က YBS ရဲ့ စီအီးအိုအဖြစ် ပြီးခဲ့တဲ့အပတ်ကစပြီး အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ စတင်ပြီးတော့ တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ YBS တင်ဒါတင်သွင်းသူဟာ Award ရခဲ့မယ်ဆိုရင် တစ်ချိန်ကျရင် ဆက်သွယ်ဆောင်ရွက်ရမှာဟာ ပြည်သူလူထုရှိမယ်။ အစိုးရအဖွဲ့ရှိမယ်။YBS ကို စောင့်ကြည့်မယ့်အဖွဲ့ရှိမယ်။ ဘတ်စ်အော်ပရေတာများ ရှိပါမယ်။ ဘတ်စ်အော်ပရေတာမှာ ယာဉ်လိုင်းပေါင်း ၁၀၁ လိုင်းမှာ ကုမ္ပဏီအဖြစ် ဖွဲ့စည်းထားတာက ၁၇ ကုမ္ပဏီပဲ ရှိပါသေးတယ်။ ၁၅ ခုလောက်က အော်ပရေတာ အနေနဲ့ပဲ ရှိနေတာဆိုတာကို သိရှိရပါ တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

လက်ရှိတွင် အများပိုင်ကုမ္ပဏီ ၁၇ ခုရှိပြီး အများပိုင်မဟုတ်ဘဲ ယာဉ်လိုင်းများကို operator အနေနှင့် လုပ်ဆောင်နေမှုသည် ၁၅ ခုခန့်ရှိနေကာ စုစုပေါင်း ၃၂ ခု ရှိကြောင်း သိရသည်။ ၎င်းတို့ထဲမှ အများပိုင်မဖြစ်သေးသည့် ၁၅ ခုကို အများပိုင် အမြန်ဆုံးဖြစ်အောင်၊ စနစ်တကျ အမြန်ဆုံးလုပ်ဆောင်နိုင်အောင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတကာ တကယ်အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်တစ်ဦးကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent