ရန်ကုန်မြို့ ဈေးဝယ်စင်တာများတွင် ရောင်းချသည့် အစားအသောက်၊ ဆေးဝါး၊ အလှကုန်ပစ္စည်းများကို FDA က ရှောင်တခင် စစ်ဆေးမည်

ရန်ကုန်မြို့ ဈေးဝယ်စင်တာများတွင် ရောင်းချသည့် အစားအသောက်၊ ဆေးဝါး၊ အလှကုန်ပစ္စည်းများကို FDA က ရှောင်တခင် စစ်ဆေးမည်
Published 25 September 2017

စက်တင်ဘာ ၁၉ ရက်က ပါရမီစိန်ဂေဟာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ရှောင်တခင် စစ်ဆေးနေစဉ်

ရန်ကုန်မြို့ ဈေးဝယ်စင်တာများတွင် ရောင်းချနေသည့် အစားအသောက်၊ ဆေးဝါး၊ အလှကုန် ပစ္စည်းများကို ရှောင်တခင်စစ်ဆေးမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်အပေါ် မူတည်၍ တင်သွင်းထုတ်လုပ် ရောင်းချသူများကို အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ) မှ သိရသည်။

စက်တင်ဘာ ၁၉ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်ရုံး) အဖွဲ့သည် လှိုင်မြို့နယ်၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ဖြင့် လှိုင်မြို့နယ်ရှိ ပါရမီစိန်ဂေဟာကုန်တိုက်တွင် ရောင်းချနေသည့် အစားအသောက် ၆၅ မျိုးကို ဝယ်ယူစစ်ဆေးခဲ့ပြီး ဆေးဆိုင်တွင် မှတ်ပုံတင်ထားခြင်း မရှိသောဆေးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းနှင့် စစ်ဆေးတွေ့ရှိချက်အပေါ် မူတည်၍ တင်သွင်းထုတ်လုပ်ရောင်းချသူများကို အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်၂၂ ရက်က နေပြည်တော်ရှိ ကုန်တိုက်များ၊ နေပြည်တော် သပြေကုန်းဈေး၊ နေပြည်တော်မြို့မဈေးများအပြင် နေပြည်တော်ရှစ်မြို့နယ်ရှိ ဈေးများသို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ထားကြောင်း၊ ပြည်တွင်းရှိ တပိုင်တနိုင် လုပ်ငန်းငယ်များမှ ထုတ်လုပ်သော ထုပ်ပိုးမှုသပ်ရပ်ခြင်းမရှိ၊ အမှတ်တံဆိပ်ကပ်ထားခြင်းမရှိသော အချိုရည်များကိုလည်း စစ်ဆေးခဲ့ပြီး ပိုးမွှားစစ်ဆေးမှုများပါ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် FDA သို့ ပေးပို့ထားသော နမူနာပစ္စည်းနှင့် ဈေးကွက်တွင်းရှိ ရောင်းချပစ္စည်း ကွဲလွဲနေခြင်း၊ သတ်မှတ်စည်းကမ်းနှင့်အညီ ထုတ်လုပ်ထားခြင်းမရှိသည့် အချိုရည်များ တွေ့ရှိပါကလည်း ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း/ ပြည်ပထုတ် အချိုရည်များအား မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ စစ်ဆေးနေပြီး တွေ့ရှိချက် ရလဒ်များအပေါ်မူတည်၍ ကျန်းမာရေးနှင့် မညီညွတ်သော ပြည်တွင်းထုတ်အချိုရည်များကို ထုတ်လုပ်ရောင်းချခွင့်ရပ်ဆိုင်းခြင်း၊ လုပ်ငန်းရပ်ဆိုင်းခြင်း၊ ပြည်ပထုတ်အချိုရည်များကို ထောက်ခံချက်ရုပ်သိမ်းခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ အချိုရည်များအား စစ်ဆေးခြင်းမှာ ပုံမှန်ဈေးကွက် ထောက်လှမ်းခြင်းမျိုးမဟုတ်ဘဲ အထူးစီမံချက်ချ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့အတွက် FDA ထောက်ခံချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဈေးကွက်အတွင်းရှိ ပြည်တွင်းထုတ်နှင့် ပြည်ပထုတ် အချိုရည်အားလုံးကို စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနသည် အမျိုးသားဆေးဝါးဥပဒေနှင့် အမျိုးသား အစားအသောက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတွင်း ထုတ်လုပ် တင်သွင်းရောင်းချလျက်ရှိသော အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ်ကင်းစင်မှု၊ အရည်အသွေးပြည့်မီမှု၊ စစ်မှန်မှုများ နှင့်ပတ်သက်သည့် လုပ်ငန်းများကို ဆောင်ရွက်နေကြောင်းနှင့် ၂၀၁၇ ခုနှစ် မတ်လအထိ အစားအသောက်  သွင်းကုန်ထောက်ခံချက် ၂၃၉၇ ခု၊ တင်သွင်းထောက်ခံချက် ၃၃၇၈ ခု၊ စုစုပေါင်း ၅၇၇၅ ခု၊ အစားအသောက် ပို့ကုန်ထောက်ခံချက် ၂၃ ခု၊ တင်ပို့ခြင်း ထောက်ခံချက်ခြောက်ခု၊ စုစုပေါင်း ၂၉ ခုကို ထုတ်ပေးခဲ့သည်။

Most Read

Most Recent