ဆန်စပါးနှင့် ပြောင်းအပြင် အခြားစီးပွားဖြစ် သီးနှံများ တရုတ်သို့ တင်ပို့ရာတွင် ဝယ်လိုအားပေါ် မူတည်၍ ဈေးနှုန်းတည်ငြိမ်မှု မရှိခြင်း၊ သတ်မှတ်ဈေးထက်လျော့ပြီး တင်ပို့နေရခြင်းကြောင့် တောင်သူများနှင့် ကုန်သည်များ နစ်နာလျက်ရှိ

ဆန်စပါးနှင့် ပြောင်းအပြင် အခြားစီးပွားဖြစ် သီးနှံများ တရုတ်သို့ တင်ပို့ရာတွင် ဝယ်လိုအားပေါ် မူတည်၍ ဈေးနှုန်းတည်ငြိမ်မှု မရှိခြင်း၊ သတ်မှတ်ဈေးထက်လျော့ပြီး တင်ပို့နေရခြင်းကြောင့် တောင်သူများနှင့် ကုန်သည်များ နစ်နာလျက်ရှိ
Published 24 September 2017

တောင်ငူခရိုင် စစ်တောင်းမြစ်နံဘေး ကိုင်းမြေများတွင် စိုက်ပျိုးထားသည့် မိုးပြောင်းများအား ပြောင်းဒိုင်သို့ ပို့ဆောင်သည်ကို ဇူလိုင် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဇော်ဝင်းချစ်)

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် အားထားစိုက်ပျိုး ထုတ်လုပ်နေသော ဆန်စပါးနှင့် ပြောင်းသီးနှံအပြင် အခြားစီးပွားဖြစ် သီးနှံများအား တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာ၌ တစ်ဖက်နိုင်ငံ၏ ဝယ်လိုအားအပေါ် မူတည်၍ ဈေးနှုန်းတည်ငြိမ်မှုမရှိ ခြင်း၊ သတ်မှတ်ဈေးနှုန်းထက်လျော့ပြီး တင်ပို့ရောင်းချနေရခြင်းကြောင့် တောင်သူများနှင့် ကုန်သည်များ နစ်နာလျက်ရှိကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားသည်။

စက်တင်ဘာ ၂၃ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်း ချုပ်တွင်ကျင်းပသည့် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ (ဒသမအကြိမ်) အခမ်းအနား တွင် ဦးဇော်ဇော်က ထိုသို့ တင်ပြခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ် (မြောက် ပိုင်း) ဒေသသည် နယ်စပ်ကုန်သွယ် ရေးအတွက် မူဆယ် (၁၀၅) မိုင်နှင့် ချင်းရွှေဟော်စခန်း နှစ်ခုတို့မှ အများ ဆုံး ကုန်သွယ်မှုဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် (မန္တလေး-လားရှိုး-မူဆယ်) လမ်းမကြီးသည် ယိုယွင်းပျက်စီးလာ ခြင်း၊ မိုးကာလ၌ တောင်ပြို၊ လမ်းချော်မှုများ ရှိသဖြင့် ကုန်တင်နောက် တွဲယာဉ်ကြီးများ စက်ချွတ်ယွင်းမှု များ၊ တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ကုန်စည်စီးဆင်းမှု ကြန့်ကြာခြင်းများဖြစ်ကာ ကုန်သည်များ နစ်နာမှုများ ကြုံတွေ့နေရခြင်းကြောင့် ပြည်ထောင်စု လမ်းမကြီးအား ပြုပြင်ပေးရန်လည်း ၎င်းကတင်ပြခဲ့သည်။

အလားတူ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံကုန်ကြမ်းများအပေါ် ကုန်ချောထုတ်လုပ် တင်ပို့ရောင်းချနိုင်မည့် စက်ရုံ၊ အလုပ်ရုံများ တည်ထောင်၍ သွင်းကုန်အစားထိုး ကုန်ချောများ တင်ပို့နိုင်ရန်၊ ရှမ်းမြောက်ဒေသတွင် စက်မှုဇုန်များတည် ထောင်နိုင်မှု မရှိသေးသော်လည်း နိုင်ငံပိုင်စက်ရုံ သုံးရုံ၊ ပုဂ္ဂလိကစက်ရုံ ၁၃၀၊ အလုပ်ရုံ ၄၆၁ ရုံနှင့် အိမ်တွင်း လုပ်ငန်းလုပ်ကိုင်မှု ၅၆၅ ခုတို့ဖြင့် စက်မှုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ နိုင်ငံတော် အစိုးရက စက်မှုဇုန်များ တည်ထောင်ပေးပြီး စက်မှု လက်မှု သင်တန်းကျောင်းများ ဖွင့် လှစ်သင်ကြားပေးမည် ဆိုပါက ကျွမ်းကျင်လုပ်သားများ ရရှိနိုင်မည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာကာ ပြည်ပသွားရောက် လုပ်ကိုင်မှုနှင့် အလုပ်လက်မဲ့ ဦးရေကို လျှော့ချနိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စက်တင်ဘာ ၁၅ ရက်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏ စုစုပေါင်း ဒေါ်လာ သန်း ၃၂၈၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ရှစ်သန်းကျော် ကုန်သွယ်မှု မြင့်တက်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် မြန်မာ-တရုတ် နယ်စပ်တွင် ဖွင့်လှစ်ထားသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှုအများဆုံး ပြုလုပ်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှထွက်ရှိသည့် လယ်ယာထွက်ကုန် ပစ္စည်းများကို အများဆုံး တင်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent