AFF Goodwill Award နှင့် အကောင်းဆုံး အမျိုးသမီးဒိုင်လူကြီးဆုကို မြန်မာနိုင်ငံမှ ရရှိ

AFF Goodwill Award နှင့် အကောင်းဆုံး အမျိုးသမီးဒိုင်လူကြီးဆုကို မြန်မာနိုင်ငံမှ ရရှိ
Published 24 September 2017

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) အကောင်းဆုံးဆုပေးပွဲကို စက်တင်ဘာ ၂၃ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပရာ မြန်မာနိုင်ငံက ဆုနှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

AFF က ရွေးချယ်ချီးမြှင့်သည့်ဆုများအနက် Goodwill Award ဆုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦး ဇော်ဇော်၊ အကောင်းဆုံး အမျိုးသမီးကွင်းလယ်ဒိုင်လူကြီးဆုကို ဒေါ်သိန်းသိန်းအေးတို့က ရရှိခဲ့သည်။

ဦးဇော်ဇော်သည် ဘောလုံး လောကတိုးတက်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်နေသည့်အပြင် လူမှုရေးကိစ္စများ ဆောင်ရွက်ခြင်း၊ လိုအပ်သည့် နေရာဒေသများတွင် ငွေကြေးလှူဒါန်းခြင်းများကြောင့် အာဆီယံဘောလုံးအဖွဲ့ချုပ်၏ ဘောလုံးလောက အကျိုးပြုထူးချွန်ဆု AFF Goodwill Award  ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီး ကွင်းလယ်ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးသည် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ခွင့်ရသည့် တစ်ဦးတည်းသော အာဆီယံအဖွဲ့ဝင် ကွင်းလယ်ဒိုင်လူကြီးဖြစ်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းမွန်ခဲ့သောကြောင့် ရွေးချယ်ချီးမြှင့်ခံရခြင်းဖြစ်သည်။

AFF သည် အကောင်းဆုံးဆုပေးပွဲကို သုံးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကြိမ်တွင်လည်း မြန်မာနိုင်ငံက ဆုများရရှိခဲ့သည်။ အကောင်းဆုံး ဘောလုံးအဖွဲ့ချုပ် ဆုကို မြန်မာနိုင်ငံက နှစ်ကြိမ်ဆက်တိုက်ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးအသင်းနည်းပြဆုကို ကူမာဒါ၊ ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး လူငယ်ကစားသမားဆုကို အောင်သူတို့ ရရှိခဲ့သည်။

ဦးဇော်ဇော်သည် AFF က ချီးမြှင့်သည့် Goodwill Award ဆုကို ဒုတိယမြောက်ရရှိသူဖြစ်လာပြီး ၂၀၁၃ ခုနှစ်က ပထမအကြိမ် ရွေးချယ်ချီးမြှင့်သည့် AFF Goodwill Award ဆုကို လက်ရှိအာဆီယံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆူလ်တန်အာမက်က ရရှိခဲ့ကြောင်း သိရသည်။

MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများသည် နံနက်ပိုင်းတွင် ကျင်းပသည့် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ကောင်စီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

Most Read

Most Recent