ထားဝယ်မြစ်အတွင်း သဲ/ကျောက်လှေ နစ်မြှုပ်ရာမှ ပျောက်ဆုံးနေသူ ၂ ဦးအနက် ကျန်ရှိသည့် ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိ

ထားဝယ်မြစ်အတွင်း သဲ/ကျောက်လှေ နစ်မြှုပ်ရာမှ ပျောက်ဆုံးနေသူ ၂ ဦးအနက် ကျန်ရှိသည့် ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိ
Published 24 September 2017

တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ကျေးရွာအနီး ထားဝယ်မြစ် အတွင်း၌ စက်တင်ဘာလ ၂၂ ရက်နေ့နံနက်ပိုင်းက မြစ်အတွင်း သဲ/ကျောက် စုပ်ယူနေသည့် စက်လှေတစ်စီး နစ်မြှုပ်မှုကြောင့် ပျောက်ဆုံးနေသည့် လူနှစ်ဦးအနက် တစ်ဦးဖြစ်သူ ခမောင်းတောင်ရွာနေ အသက် ၃၆ နှစ်အရွယ် ကိုမြင့်စိုး၏ ရုပ်အလောင်းအား စက်တင်ဘာလ ၂၄ ရက်နေ့မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်တွင် ထားဝယ်မြစ်အတွင်းမှ ထပ်မံဆယ်ယူ ရရှိခဲ့ကြောင်း သိရသည်။

စက်လှေနစ်မြှုုပ်ပြီးနောက် ပျောက်ဆုံးနေသည့် လူ ၂ ဦးအနက် တောင်မင်းပြောင်ရွာနေ အသက် ၂၁ နှစ်အရွယ် သားသား၏ ရုပ်အလောင်းကို စက်တင်ဘာလ ၂၃ ရက်နေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ထားဝယ်မြို့ရှိ ကမြောကင်း တံတားအနီးတွင် တွေ့ရှိဆယ်ယူနိုင်ခဲ့ပြီး ယနေ့ (စက်တင်ဘာလ ၂၄ ရက်နေ့) တွင် ကျန်ရှိသည့် ရုပ်အလောင်းတစ်ခုကို ထပ်မံဆယ်ယူ ရရှိခဲ့ခြင်းဖြစ်သည်။

အသက် ၂၁ နှစ်အရွယ် သားသား၏ ရုပ်အလောင်းအား ကမြောကင်းတံတားအနီး မြစ်အတွင်း၌ မျောပါနေသည်ကို တံတားရဲကင်းမှ တပ်သားတစ်ဦးက ဆယ်ယူပေးထားခဲ့ခြင်းဖြစ်ပြီး အသက် ၃၆ နှစ်အရွယ် ကိုမြင့်စိုး၏ ရုပ်အလောင်းကိုမူ ထားဝယ်မြစ်အတွင်း ပျောက်ဆုံးနေသူအား လိုက်လံရှာဖွေနေသည့် ဒေသခံများမှ ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်အနီး ထားဝယ်မြစ်ကြောင်းအတွင်း တွေ့ရှိ၍ ဆယ်ယူထားခဲ့ခြင်းဖြစ်ကာ ဇမ္ဗူသီရိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ယာဉ်ဖြင့် မောင်းမကန် ဆေးရုံသို့ စစ်ဆေးရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလျား ၄၇ ပေ၊ အနံ ၉ ပေနှင့်အနက် ၆ ပေရှိသည့် ခမောင်းတောင်ရွာနေ ဦးတင်ရွှေ ပိုင်ဆိုင်သော ၎င်းသဲ/ကျောက်လှေမှာ စက်တင်ဘာလ ၂၁ ရက်နေ့ည ၁၀ နာရီအချိန်ခန့်က ထားဝယ်မြစ်နှင့် တောင်မင်းပြောင်ရွာရှိ ဂေါချောင်းဝဆုံရာနေရာတွင် ကျောက်စရစ်များ တင်ဆောင်လျက် ချောင်းအတွင်းသို့ ဝင်ရောက်ရန် ရေတက်ချိန်ကို စောင့်ဆိုင်းနေစဉ် စက်တင်ဘာလ ၂၂ ရက်နေ့နံနက် ၃ နာရီခန့်၌ ရုတ်တရက် ရေများဝင်ရောက်လာ၍ နစ်မြှုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လှေအတွင်း၌လိုက်ပါလာသူ ၃ ဦးအနက် စက်လှေပိုင်ရှင်ဖြစ်သူ ဦးတင်ရွှေ တစ်ဦးတည်းသာ ရေကူး၍ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်ရှိသည့် ခမောင်းတောင်ရွာနေ အသက် ၃၆ နှစ်အရွယ် ကိုမြင့်စိုးနှင့် တောင်မင်းပြောင်ရွာနေ အသက် ၂၁ နှစ်အရွယ်ရှိ သားသားတို့ နှစ်ဦးမှာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ကာ ၎င်းတို့ နှစ်ဦးစလုံးမှာ ရေကူးကျွမ်းကျင်မှု မရှိကြောင်း သိရသည်။

လက်ရှိတွင် ၎င်းစက်လှေနစ်မြှုပ်မှုကြောင့် သေဆုံးခဲ့သူ နှစ်ဦးအား မောင်းမကန်နယ်မြေ ရဲစခန်း၌ သေမှုသေခင်းဖြင့် အမှုဖွင့်လှစ်ထားပြီး

နစ်မြှုပ်ခဲ့သော စက်လှေကိုလည်း ယနေ့အထိ ဆယ်ယူနိုင်ခြင်း မရှိသေးဘဲ ပြန်လည်ဆယ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent