ဟုမ္မလင်းမြို့နယ်အတွင်းရှိ ထိန်ကုန်းရွှေမှော်တွင် ရွှေလက်လောင်း လုပ်ကိုင်နေစဉ် မြေပြိုပြီး လူ ၃ ဦး သေဆုံး

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ထိန်ကုန်းရွှေမှော်တွင် ရွှေလက်လောင်း လုပ်ကိုင်နေစဉ် မြေပြိုပြီး လူ ၃ ဦး သေဆုံး
Published 24 September 2017

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာအုပ်စု ထိန်ကုန်းရွှေမှော်တွင် ရွှေလက်လောင်း လုပ်ကိုင်နေစဉ် မြေပြိုပြီး လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သူများမှာ ဒေသခံများဖြစ်ကြပြီး ထိန်ကုန်းရွှေမှော်အတွင်းရှိ ရွှေဥရုအောင်ကုမ္မဏီ၏ လျှောက်ထားဆဲ လုပ်ကွက်အတွင်း စက်တင်ဘာ ၂၂ ရက်နေ့က ရွှေလက်လောင်း လုပ်ကိုင်နေစဉ် ညနေ ၃ နာရီအချိန်ခန့်တွင် မြေပြိုပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာအုပ်စု ထိန်ကုန်းရွှေမှော်တွင် အမျိုးသား ၃ ဦးသည် ရွှေလက်လောင်း လုပ်ကိုင်ရန် ကမ်းပါးမြေအား တူးယူနေစဉ် ရွှေမျောကျင်း၏ အရှေ့ဘက်ကမ်းပါး ပြိုကျလာပြီး မြေပြို ဖုံးပိသွားကြောင်း ထိန်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကြိုင်၏ တယ်လီဖုန်းဖြင့် ဆက်သွယ်သတင်းပေးချက်အရ ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းနယ်မြေရဲစခန်းမှ ရဲအုပ် မျိုးမင်းညွန့်မှ ထိန်ကုန်းကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ မြေပြိုဖုံးပိသူများမှာ သားကို( ခ ) ထက်နိုင်လင်း၊ အောင်မျိုးကိုနှင့် နေဇော်မွှေး( ခ ) ငယော တို့ ၃ ဦးဖြစ်ကြောင်း သိရှိရပြီး ဖုံးပိနေသည့်မြေစာများအား တူးဖော်ခဲ့ရာ စက်တင်ဘာ ၂၃ ရက် မွန်းတည့် ၁၂ နာရီခွဲအချိန်ခန့်တွင် ၎င်းတို့ ၃ ဦးအား မြေစာများအောက်မှ သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့သဖြင့် အလောင်းများကို ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် နမ့်တောတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ဟုမ္မလင်းမြို့နယ် မိုင်ကိုင်းနယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၄၇/၂၀၁၇ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ခွင့်ပြုချက်မရှိပဲ တရားမဝင် ရွှေလက်လောင်း တူးဖော်လုပ်ကိုင်ရင်း သေဆုံးခဲ့သူ ၃ ဦးအား မြန်မာ့သတ္တုတွင်းဥပဒေဖြင့် အမှုဖွင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာအုပ်စု ထိန်ကုန်းရွှေမှော်တွင် ရွှေတူးဖော်နေစဉ် မြေပြိုကျသဖြင့် လူသေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး ရွှေတူးဖော်နေစဉ် မြေပြိုကျသဖြင့် သေဆုံးသူပေါင်းမှာ  ၂၀၁၇ ခုနှစ်အတွင်းတွင် ၁၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်း။

“ရွှေဈေးကလည်းကောင်း လုပ်ကိုင် စားသောက်စရာ တခြားအလုပ်ကလည်း မရှိတော့ ရွှေတူးတဲ့ အလုပ်ကိုပဲ လုပ်နေကြရတာ။ အခုနောက်ပိုင်းကြတော့ ရွှေတူးစရာ နေရာကလည်း မရှိသလောက် ဖြစ်လာတော့ အရင်တူးခဲ့ပြီးသား နေရာဟောင်းတွေမှာ ပြန်တူးကြရတယ်။ အဲဒီနေရာတွေက မြေကြီးတွေက နဂိုမြေမှန် မဟုတ်ဘူးလေ။ အရင်က တူးခဲ့တဲ့ စွန့်ပစ်မြေစာတွေကို ပြန်လှန်ပြီးတူးကြတော့ မြေသားခိုင်မာမှု မရှိပဲ အလွယ်တကူပြိုကြပြီး အခုနောက်ပိုင်းမှာ မြေပြိုပြီး လူသေတာတွေက မကြာခဏ ဖြစ်လာတယ်” ဟု ထိန်ကုန်းကျေးရွာမှ ဒေသခံတစ်ဦးမှ ပြောသည်။

Most Read

Most Recent