လမ်းမှားရောက်လာသော ဝက်ဝံတစ်ကောင်အား ရွာသားများ အသေဖမ်းဆီးရမိ

လမ်းမှားရောက်လာသော ဝက်ဝံတစ်ကောင်အား ရွာသားများ အသေဖမ်းဆီးရမိ
Published 24 September 2017

ဂန့်ဂေါခရိုင် မွှေ့လယ်ကျေးရွာတွင် အသေဖမ်းဆီးရမိခဲ့သော ဝက်ဝံအား တွေ့ရစဉ်

လမ်းမှားရောက်လာသော ဝက်ဝံတစ်ကောင်အား ဂန့်ဂေါခရိုင်၊ မွှေ့လယ်ကျေးရွာတွင် တွေ့ရှိခဲ့ပြီး ဒေသခံ ရွာသူရွာသားများက စက်တင်ဘာ ၂၃ ရက် နံနက် ၈ နာရီခန့်က အသေဖမ်းဆီး ရမိခဲ့သည်ဟု သိရသည် ။

“ဝက်ဝံပါ။ တောထဲက ရွာထဲ ပြေးဝင်လာတာ။ အကောင်က တော်တော်ကြီးတယ်။ ရွာထဲမှာ လူတွေကိုကိုက်မှာစိုးလို့ ထုနှက်ကြလို့ သေသွားတာ။ မြစ်အရှေ့ဘက်က ကူးလာတာ။ မွှေ့လယ်ကျေးရွာ တစ်ဖက်ကမ်း မိုးစိုဘက်ကနေ ကူးခဲ့တာ။ မြစ်ကမ်းကနေ တက်လာတာ။ ဘယ်သူက စမြင်တယ်ဆိုတာတော့ မသိဘူး။ ကြားတာနဲ့ သွားကြည့်တော့ ဝက်ဝံက ဖျက်နေပြီ။ ရွာရဲ့အရှေ့မြောက်မြစ်အစပ် မိုးထိကပ်ကျော်စေတီဆိုတာရဲ့ ငါးအိမ်ခြားလောက်မှာရှိတဲ့ ခြောက်ကလေးထဲမှာ မိတာ။ လူတွေကလည်း ကြောက်ကြောက်နဲ့ ဝိုင်းထုလိုက်ကြတာ။ အလေးချိန် ၄၀ ပိဿာ လောက်ရှိမယ်။ အရွယ်အစား အတိုင်းအတာတော့ မသိပါဘူး” ဟု မွှေ့လယ်ကျေးရွာမှ ကိုမြင့်သန်းက ပြောကြားသည်။

အဆိုပါ ဝက်ဝံသည် ဂန့်ဂေါခရိုင် မွှေ့လယ်ကျေးရွာ၏ တစ်ဖက်ကမ်းတွင်ရှိသော မိုးစိုရွာဘက်မှ မြစ်သာမြစ်ကိုကူး၍ ရွာအတွင်းကို ရောက်လာခဲ့သည်ဟု သိရသည်။

“မိုးစိုရွာဆိုတာ တောင်ခြေရင်းမှာ မြစ်သာမြစ်ကမ်းဘေး၊ မွှေ့လယ်ကျေးရွာ တစ်ဖက်ကမ်းကရွာပါ။ မိုးစိုရွာ အရှေ့ဘက်က ပုံညာတောင်ကြီးလေ။ တောကြီးတာပေါ့။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကလည်း မွှေ့လယ်ရွာနဲ့ ရဲလှရွာကြားမှာ ဝက်ဝံတစ်ကောင် ရောက်လာခဲ့သေးတယ်။ အဲဒီတုန်းက လူကုတ်ခံရလို့ အကုန်ခံရတဲ့သူက အခုအချိန်အထိ မျက်စိ မမြင်ရှာဘူး။ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်။ လူတော့ မသေဘူး။ အဲဒါတွေ ကြားဖူးထားလို့ ကြောက်ကြောက်နဲ့ ဝိုင်းထုတော့ သေသွားတော့တာ။ ဝက်ဝံကြီးပါ။” ဟု ကိုမြင့်သန်းက ဆက်လက်ပြောကြားသည်။

မိုးစိုကျေးရွာသည် ပုံညာတောင်ခြေတွင် တည်ရှိပြီး မြစ်သာမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိသော ကျေးရွာဖြစ်သည်ဟု သိရသည်။

အဆိုပါဝက်ဝံ ရွာအတွင်းရောက်လာမှုကြောင့် ဒေသခံပြည်သူများကို အန္တရာယ် ပြုမည်စိုး၍ ပြည်သူ့ရဲသို့ အကြောင်းကြားခဲ့ပြီး ဒေသခံများက အသေဖမ်းဆီးခဲ့ပြီးမှ ရောက်ရှိခဲ့သည်ဟု သိရသည်။

Most Read

Most Recent