မောင်တောမြို့နယ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့သော အပျက်အစီး စာရင်းကို အဖွဲ့ငါးဖွဲ့ဖြင့် ကွင်းဆင်းပြုစု

မောင်တောမြို့နယ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့သော အပျက်အစီး စာရင်းကို အဖွဲ့ငါးဖွဲ့ဖြင့် ကွင်းဆင်းပြုစု
Published 24 September 2017

ဘူးသီးတောင်မြို့နယ် တောင်ဘဇားကျေးရွာမှ ဒေသခံများအား လုံခြုံရေး အစောင့်အရှောက်ဖြင့် နေရပ်စွန့်ခွာနေသည်ကို သြဂုတ်လကုန်ပိုင်းက တွေ့ရစဉ်

မောင်တောမြို့နယ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့သော အပျက်အစီး စာရင်းများကို အဖွဲ့ငါးဖွဲ့ဖြင့် ကွင်းဆင်း စာရင်းပြုစုနေကြောင်း သိရသည်။

“ကျေးရွာ အပျက်အစီး စာရင်းကို စပြီးတော့ ကွင်းဆင်းကောက်ယူနေပါတယ်။ အဖွဲ့ ငါးဖွဲ့ ဖွဲ့စည်းပြီးတော့ ကွင်းဆင်းကောက်ယူနေတာ ဖြစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့စီမှာ ရှစ်ဦးစီ ပါတယ်။ အဖွဲ့ငါးဖွဲ့နဲ့ တောင်ပိုင်း၊ မြောက်ပိုင်းခွဲပြီး ကောက်ယူနေတာ ဖြစ်ပါတယ်။ တချို့အဖွဲ့တွေ နယ်ဆင်းနေကြပြီ။ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေ ပါကြတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေတော့ မပါဘူး” ဟု မောင်တောမြို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

မီးလောင်မှု စာရင်းများကို ကောက်ယူရေးအတွက် အဖွဲ့များကို စက်တင်ဘာ ၂၀ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်နယ်မှ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၅၀ ဦးဖြင့် ပူးပေါင်းဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး မီးလောင်ပျက်စီးဆုံးရှုံးမှု စာရင်းကို သုံးပတ်အတွင်း အပြီးသတ် ကောက်ယူရမည်ဟုလည်း သိရသည်။

“အဖွဲ့ ငါးဖွဲ့နဲ့ သုံးပတ်အတွင်း ကောက်ယူမယ်။ ကောက်ယူတဲ့ မီးလောင်မှု စာရင်းတွေ ထွက်လာရင်တော့ ဒီဒေသရဲ့ မီးလောင်ဆုံးရှုံးမှု အိမ်ခြေရော၊ ဆုံးရှုံးမှုရော အတိအကျ ရမယ်” ဟု မောင်တောမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မောင်တောမြို့နယ် နယ်မြေ (၄) ကြိမ်ချောင်းတောင်ရွာတွင် ယခင်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကျန်ရှိသည့် နေအိမ်အလုံး ၂၀ သည် စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ထပ်မံမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး မည်သည့်အတွက်ကြောင့် မီးလောင်ကျွမ်းသည်ကို စုံစမ်းလျက်ရှိကြောင်းနှင့် ကြိမ်ချောင်းနယ်မြေ ရဲစခန်းတွင် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် မောင်တောမြို့ ရွာသစ်ကေရပ်ကွက်၊ ကလာဘာရွာ၌ ယခင်မီးလောင်ပြင်ဟောင်းတွင် ကျန်ရှိနေသော လူနေထိုင်ခြင်း မရှိသည့် ဓနိမိုး၊ ထရံကာ နေအိမ်တစ်လုံး မီးလောင်းကျွမ်းခဲ့သဖြင့် တန်ဖိုးငွေ ကျပ် ၃၀၀၀၀ ဆုံးရှုံးခဲ့ကြောင်းနှင့် တရားခံဖမ်းဆီးရမိရေး မောင်တောမြို့မစခန်းတွင် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင်ကလည်း ဘူးသီးတောင်မြို့နယ် နယ်မြေ ၁၀ မိချောင်းဈေးကျေးရွာ ဗလီကြီး ခြံဝင်းအတွင်း၌ အစ္စလာမ်ဘာသာဝင်များ ဗလီတက်ချိန် ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်စေရန် ရည်ရွယ်၍ ဗလီခြံဝင်းအတွင်း၌ အကြမ်းဖက်သမားများ ထောင်ထားခဲ့သည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် သြဂုတ် ၂၅ ရက် နံနက်စောစော အချိန်မှစ၍ မောင်တောဒေသ အတွင်းရှိ နယ်ခြားစောင့် ရဲစခန်း ၃၀ ကျော်အား တစ်ပြိုင်နက်တည်း အင်အားသုံး၍ အလစ်အငိုက် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရခိုင်တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင်များအပြင် ဟိန္ဒူဘာသာဝင်များ၊ ဒိုင်းနက်လူမျိုးများ၊ မြိုလူမျိုးများ အပါအဝင် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ခဲ့ရပြီး ဒေသခံ တိုင်းရင်းသား ပြည်သူများသည် နေရာဒေသ အများအပြားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ထို့ပြင် တိုင်းရင်းသားကျေးရွာ ခုနစ်ရွာ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းနှင့် ကျေးရွာများကို မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၄ ရက်အထိ ကောက်ယူသော စာရင်းအရ ပျက်စီးဆုံးရှုံးမှု စာရင်းမှာ မီးလောင်ကျေးရွာ ၅၉ ရွာ၊ နေအိမ် ၆၈၄၂ လုံး ခန့်မှန်းတန်ဖိုးအားဖြင့် သိန်းပေါင်း ၆၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သက်ဆိုင်ရာ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ARSA အစွန်းရောက် အကြမ်းဖက်သမားများ ထိတွေ့မှု ဖြစ်ပွားခဲ့သည့် အကြိမ် ၉၃ ကြိမ် ရှိခဲ့သည်။
မောင်တောဒေသအတွင်းရှိ နေရာ ၄၅ နေရာ မီးရှို့ ဖျက်ဆီးမှုခံခဲ့ရသည်။

အလားတူ မောင်တောမြို့နယ် အတွင်းရှိ ချောင်းဝကင်းစခန်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက လိုက်လံစစ်ဆေးရာ မီးတိုက်ချောင်း၀ ကင်းစခန်း၊ နံ့သာတောင်ချောင်း၀ ကင်းစခန်းနှင့် သင်္ဘောလှချောင်း၀ ကင်းစခန်းတို့အား ARSA အစွန်းရောက် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးထားသည်ကို တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent