ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမဲသွေးပင်ရင်းလုပ်ငန်းမှ ဖော်မလင်ပါသော အမဲသွေး ၆၀၀၀ ခန့်ကို FDA ကသိမ်းဆည်းဖျက်ဆီးပြီး လုပ်ငန်းအား ခံဝန်ထိုးပိတ်သိမ်း

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမဲသွေးပင်ရင်းလုပ်ငန်းမှ ဖော်မလင်ပါသော အမဲသွေး ၆၀၀၀ ခန့်ကို FDA ကသိမ်းဆည်းဖျက်ဆီးပြီး လုပ်ငန်းအား ခံဝန်ထိုးပိတ်သိမ်း
Published 24 September 2017

စက်တင်ဘာ ၂၂ ရက်က ဒဂုံဆိပ်ကမ်းနှင့် မြောက်ဒဂုံမြို့နယ်ရှိ အမဲသွေး ပင်ရင်းလုပ်ငန်းများအား FDA က ရှောင်တခင်စစ်ဆေးနေစဉ်

စက်တင်ဘာ ၂၂ရက်က ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်ရှိ အမဲသွေး ပင်ရင်းလုပ်ငန်းနှစ်ခုအား ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမဲသွေးပင်ရင်းမှ အမဲသွေးများတွင် ဖော်မလင်အသုံးပြုကြောင်း စစ်ဆေးတွေ့ရှိရ၍ အမဲသွေး ၆၀၀၀ ခန့်ကို သိမ်းဆည်းခဲ့ပြီး အဆိုပါလုပ်ငန်းအား ဆက်လက်ရောင်းချခြင်းမပြုရန် ခံဝန်ထိုးခိုင်းပြီး လုပ်ငန်းအား ပိတ်သိမ်းအရေးယူခဲ့ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

စက်တင်ဘာ ၂၂ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်အဖွဲ့သည် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ အဖွဲ့ဝင်များ (မြို့နယ် ပြည်သူ့ကျန်းမာရေး၊ စည်ပင်ကျန်းမာ၊ ထွေအုပ်၊ ရဲတပ်ဖွဲ့) နှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ဖြင့် မြောက်ဒဂုံမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမဲသွေး ပင်ရင်းနှစ်ခုအား ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ထပ်မံရှောင်တခင်စစ်ဆေးခဲ့ကြောင်း၊ မြောက်ဒဂုံမြို့နယ်ရှိ ပင်ရင်းလုပ်ငန်းမှာ ပိတ်သိမ်းရပ်နားထားကြောင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမဲသွေးပင်ရင်းမှာ ဆက်လက်ထုတ်လုပ်နေသဖြင့် ထုတ်လုပ်ထားသော အမဲသွေးများကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ဖော်မလင် အသုံးပြုကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ယင်းလုပ်ငန်းမှ ဖော်မလင်ပါရှိသော အမဲသွေးအရေအတွက် ၆၀၀၀ ခန့်ကို သိမ်းဆည်းခဲ့ကြောင်းနှင့် နောက်တစ်ကြိမ် ဆက်လက်ထုတ်လုပ်ခြင်းမပြုရန်နှင့် လုပ်ငန်းအားပိတ်သိမ်းရန် ခံဝန်ရေးထိုးခဲ့ကြောင်း သိရသည်။

သိမ်းဆည်းခဲ့သည့် အမဲသွေးများကို မြေမြှုပ်မီးရှို့ဖျက်ဆီးခဲ့ပြီး ဆက်လက်၍ အမဲသွေး ပင်ရင်းလုပ်ငန်းများအား ရှောင်တခင် ဆက်လက်စစ်ဆေးမည်ဖြစ်ပြီး ဖော်မလင်တွေ့ရှိသော အမဲသွေးလုပ်ငန်းအား တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်မှာ Post Market Surveillance ကို အရှိန်မြှင့်လုပ်နေတယ်။ အစားအသောက်တွေမှာ ဆိုးဆေးတွေသုံးတာ၊ ဖော်မလင်တွေ သုံးတာ၊ ဓာတုပစ္စည်းတွေထည့်တဲ့ စားသောက်ကုန်တွေ၊ အရောင်းဆိုင်တွေကို ခံဝန်ထိုးခိုင်းတယ်။ တချို့ကို ပစ္စည်းသိမ်းတယ်၊ ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူတယ်။ ဆိုင်ပိတ်တယ်ဆိုတဲ့အထဲမှာ ဖော်မလင်တို့၊ ခွင့်မပြုဆိုးဆေးတွေကို ရောင်းချတဲ့ဆိုင်မျိုးဆို ပိတ်သိမ်းခိုင်းတယ်။ ကျွန်တော်တို့အနေနဲ့ ပညာပေးတဲ့အဆင့်ကို ထပ်လုပ်တော့မှာမဟုတ်ဘူး။ စစ်လို့တွေ့တာနဲ့ အရေးယူမှုအပိုင်းကို လုပ်သွားမှာဖြစ်သလို အစားအသောက် ဥပဒေပုဒ်မ ၂၈ (က) နဲ့အညီ အရေးယူတာမျိုးတွေလည်း လုပ်သွားမှာပါ” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အမျိုးသားအစားအသောက် ဥပဒေတွင် စားသုံးသူကို အဆိပ်သင့်စေနိုင်သော၊ ဘေးဥပဒ်အန္တရာယ် ဖြစ်စေနိုင်သော သို့မဟုတ် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အစားအသောက်များ၊ အစားအသောက်၏ သဘာဝ၊ ဒြပ်ဝတ္ထု သို့မဟုတ် အရည်အသွေးကို ထိခိုက်စေပြီး ဘေးဥပဒ်အန္တရာယ်ဖြစ်စေရန် အရာဝတ္ထုတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အစားထိုးထားသော သို့မဟုတ် ရောစပ်ထားသော အစားအသောက်၊ အစားအသောက် ထပ်ဖြည့်ပစ္စည်းကို သတ်မှတ်ချက်ထက် ပိုမိုအသုံးပြုထားသော အစားအသောက်၊ သက်ဆိုင်ရာက သတ်မှတ်ထားသည့် စိုက်ပျိုးရေးဆိုင်ရာ ဓာတ်ပစ္စည်းအများဆုံး ပါနိုင်ခွင့်ရှိသော ပမာဏထက် ပိုမိုပါရှိသော အစားအသောက်၊ သက်ဆိုင်ရာက တားမြစ်ထားသည့် ပစ္စည်းဖြစ်စေ၊ ခွင့်မပြုသည့် ပစ္စည်းဖြစ်စေ ပါရှိသော အစားအသောက်၊ ပုပ်သိုးသော၊ ပျက်စီးသော သို့မဟုတ် လူတို့စားသုံးရန် မသင့်လျော်သော ပစ္စည်းပါရှိသည့် အစားအသောက်၊ စံမညီအစားအသောက်၊ အစားအသောက်တွင် မပါဝင်သည့် ဂုဏ်သတ္တိကို အမှတ်တံဆိပ်ပေါ်တွင် လွဲမှားဖော်ပြထားသော အစားအသောက်၊ လိုင်စင်ထုတ်ပေးပိုင်ခွင့်ရှိသော သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းက သတ်မှတ်သည့် ဖော်ပြရမည့် အချက်အလက်များ မပါရှိသော အစားအသောက်များကို ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် တားမြစ်ထားကြောင်းနှင့် ဥပဒေအရ အစားအသောက်နှင့် သက်ဆိုင်သည့် ပြစ်မှုဖြစ်ပါက ထိုသူအား ထောင်ဒဏ်သုံးနှစ်ထိ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။

Most Read

Most Recent