မောင်တောမြို့ပေါ်တွင် မီးလောင်မှု ထပ်မံဖြစ်ပွားပြီး နေအိမ်ခြောက်လုံး မီးလောင်ဆုံးရှုံး

မောင်တောမြို့ပေါ်တွင် မီးလောင်မှု ထပ်မံဖြစ်ပွားပြီး နေအိမ်ခြောက်လုံး မီးလောင်ဆုံးရှုံး
Published 24 September 2017

မီးသတ်ယာဉ် ဝင်ရောက်နိုင်ခြင်း မရှိသဖြင့် မီးလောင်မှုအား ရေပုံးရေခွက်များဖြင့်သာ ငြှိမ်းသတ်နေရသည့် မီးသတ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

မောင်တောမြို့ပေါ်တွင် စက်တင်ဘာ ၂၃ ရက် မွန်းလွဲက မီးလောင်မှု ထပ်မံဖြစ်ပွားပြီး နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မောင်တောမြို့ ကညင်တန်း (မြို့မ)  ဒီလ်ပါရာ ဘင်္ဂါလီရွာတွင် စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်က မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူမနေသည့် နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ၁၈၀၀၀၀ ဖြစ်ကြောင်း သိရသည်။

မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် တာဝန်ကျ စခန်းကင်းသမားမှ မီးခိုးများမြင်တွေ့သဖြင့်  မြို့နယ် မီးသတ်ဦးစီးမှူး အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး ဖြင့်သွားရောက်စဉ် လမ်းများမှာ မီးသတ်ယာဉ် ဝင်ထွက်ရန် ခက်ခဲခြင်းများကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် မီးလောင်မှုအား  မိုးရွာသွန်းမှုကြောင့် လမ်းများပေါ်၌ တင်ကျန်နေသော ရေများဖြင့် တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့ဝင်များက ရေပုံးများဖြင့် ခပ်ယူကာ ကနဦး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

“နေအိမ်ခြောက်လုံး မီးလောင်ပါတယ်။ ရွာထဲကို မီးသတ်ယာဉ်ဝင်လို့ မရတော့ မီးသတ်ယာဉ်က ဟိန္ဒူရွာဘက်ကို မီးကူးစက်မှု မရှိအောင် တားဆီးနေရပြီး မီးသတ်တပ်ဖွဲ့ဝင်တွေက ခရိုင်အုပ်ချုပ်ရေးမှူး ရုံးဘက်ကနေ ပတ်ဝင်ရတယ်။ ရေစုပ်စက်တွေ ယူသွားပြန်တော့လည်း အထဲမှာ ရေတွင်းရေကန်မရှိ၊ မိုးရွာထားတော့ လမ်းပေါ်မှာ တင်ကျန်နေတဲ့ ရေတွေနဲ့ ပုံးတွေနဲ့ပက်ပြီး မီးသတ်ရတယ်။ မွန်းလွဲ ၁၂ နာရီကျော်မှာ မီးလောင်တာကို ကင်းသမားမြင်တာနဲ့ ထွက်လိုက်သွားကြတာ။ စာရင်းကောက်ယူရေးအဖွဲ့ကလည်း ဒီကနေ့ ဆင်းပြီး စာရင်းကောက်နေကြတယ်။ စာရင်းကောက်တဲ့နေ့မှာပဲ မီးလောင်မှုက ထပ်ဖြစ်တယ်” ဟု မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးသန့်စင်က ပြောကြားသည်။

အလားတူ စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် မောင်တောမြို့ ရွာသစ်ကေရပ်ကွက်၊ ကလာဘာရွာ၌ ယခင်မီးလောင်ပြင်ဟောင်းတွင် ကျန်ရှိနေသော လူနေထိုင်ခြင်းမရှိသည့် ဓနိမိုး၊ ထရံကာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သဖြင့် တန်ဖိုးငွေ ကျပ် ၃၀၀၀၀ ဆုံးရှုံး ခဲ့ကြောင်းနှင့် တရားခံအား ဖမ်းဆီးရမိရေး မောင်တောမြို့မစခန်းတွင် အမှုဖွင့်စုံစမ်းလျက် ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မောင်တောမြို့မှာ ဘင်္ဂါလီ အစွန်းရောက်များ၏ အကြမ်းဖက်မှုများကို ခံခဲ့ရသည့် မြို့ဖြစ်ပြီး မြို့တွင် နေထိုင်သူအချို့မှာ ဘူးသီးတောင်နှင့် စစ်တွေမြို့များသို့ တိမ်းရှောင် ထွက်ပြေးခဲ့ရကြောင်း သိရသည်။

Most Read

Most Recent