ဧရာဝတီသတင်းဌာန၏ “Media, Misinformation and Misleading Photos in Rakhine Crisis” ဟူ၍ ဖော်ပြချက်တွင် Eleven Media Group အား ဂုဏ်သိက္ခာထိခိုက် နစ်နာစေရန် စွပ်စွဲရေးသားခဲ့ခြင်းအား ကန့်ကွက်ပါကြောင်းနှင့် အမြန်ဆုံး ပြန်လည်ဖြေရှင်းပေးရန် တောင်းဆိုခြင်း

ဧရာဝတီသတင်းဌာန၏ “Media, Misinformation and Misleading Photos in Rakhine Crisis” ဟူ၍ ဖော်ပြချက်တွင် Eleven Media Group အား ဂုဏ်သိက္ခာထိခိုက် နစ်နာစေရန် စွပ်စွဲရေးသားခဲ့ခြင်းအား ကန့်ကွက်ပါကြောင်းနှင့် အမြန်ဆုံး ပြန်လည်ဖြေရှင်းပေးရန် တောင်းဆိုခြင်း
Published 24 September 2017

ဧရာဝတီသတင်းဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားမှုကို တွေ့ရစဉ်

စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဧရာဝတီသတင်းဌာန၏ www.irrawaddy.com ၌ 'Media, Misinformation and Misleading Photos in Rakhine Crisis' ဟူ၍  ဖော်ပြချက်ကို ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။ ယင်းဖော်ပြချက်တွင် Eleven Media Group အား ဂုဏ်သိက္ခာ ထိခိုက်နစ်နာအောင် စွပ်စွဲရေးသားခဲ့ခြင်းများ ပါဝင်နေသည်ကို တွေ့ရှိရပါသည်။ သို့ပါ၍ ယင်းကဲ့သို့ အများထင်ယောင်ထင်မှား ဖြစ်စေရန် ဂုဏ်သိက္ခာထိခိုက်နစ်နာစေရန် အသရေပျက်စေရန် ဖော်ပြခဲ့မှုများနှင့်ပတ်သက်၍ ဧရာဝတီသတင်းဌာနကို ကန့်ကွက်ပါကြောင်း နှင့် ယခုကဲ့သို့ ရေးသားဖော်ပြခဲ့မှုအတွက် အယ်ဒီတာချုပ် ဦးအောင်ဇော်နှင့် သတင်းရေးသားသူ ဦးမိုးမြင့်တို့အနေဖြင့် အမြန်ဆုံး ပြန်လည်ဖြေရှင်းပေးရန် အောက်ပါအတိုင်း  တောင်းဆိုအပ်ပါသည်။

(၁) ဧရာဝတီသတင်းဌာန၏ 'Media, Misinformation and Misleading Photos in Rakhine Crisis' ဟူသော ဖော်ပြချက်တွင်

“On September 7, one of leading local newspapers Eleven Media published an article with photos that claimed to show Muslims setting fire to their own houses. These photos went viral on social media. Netizens later pointed out inconsistencies in religious dress and others recognized some of the people pictured in the images as Hindus who were sheltering in Maungdaw.

One person who spread these misleading photos was President’s Office spokesman U Zaw Htay. He shared the images on Twitter and Facebook and wrote: “Bengalis setting fire to their own homes.”

When the truth was revealed, he deleted the photos and posted that the government was going to investigate the controversial photos.

Eleven Media published a piece the following day stating that the government was going to investigate the case but did not issue an apology or correction under the article”  ဟူ၍ ထည့်သွင်းဖော်ပြခဲ့ပါသည်။

(၂)     ယင်းသို့ဖော်ပြထားချက်အရ Eleven Media Group မှ Online စာမျက်နှာ၊ နေ့စဉ်ထုတ်သတင်းစာနှင့် Eleven Broadcasting တို့မှ ကျင့်ဝတ်နှင့်အညီ ဖော်ပြခဲ့ခြင်းများအား သေချာစွာဖတ်ရှုထားခြင်း မရှိဘဲ အများထင်ယောင်ထင်မှားဖြစ်အောင် စွပ်စွဲ ရေးသားထားခြင်းသာ ဖြစ်ပါသည်။

(၃)     Eleven Media Group အနေဖြင့် စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်းတွင် “ဘင်္ဂါလီများက ကိုယ့်အိမ်ကိုယ်မီးရှို့သည့် ဓာတ်ပုံအများအပြား ထွက်ပေါ်လာ” ဟူသော ခေါင်းစဉ်ဖြင့် Eleven Facebook စာမျက်နှာတွင် သတင်းဖော်ပြခဲ့ပြီး စက်တင်ဘာလ ၇ ရက်ထုတ် The Daily Eleven သတင်းစာတွင်လည်း ဖော်ပြခဲ့ပါသည်။ သို့သော် ယင်းကဲ့သို့ ဖော်ပြရာတွင် ဘင်္ဂါလီများက ကိုယ့်အိမ်ကိုယ် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်ဓာတ်ပုံရိုက်ခဲ့သူ ကိုမောင်မောင်ထွန်းကို မေးမြန်း၍လည်းကောင်း၊ ယင်းဓာတ်ပုံများအား မီဒီယာများ သိရှိနိုင်ရန် ဖြန့်ဝေပေးခဲ့သည့် မောင်တောမြို့  ရပ်ကွက် (၄) ဇောတိကာရုံ ဘုန်းတော်ကြီးကျောင်း ဆရာတော်တို့၏ ပြောကြားချက်များအတိုင်း ကျင့်ဝတ်နှင့်အညီ ဖော်ပြခဲ့ခြင်းသာ ဖြစ်ပါသည်။

(၄)     ယင်းသတင်းကိုအခြေခံ၍ စက်တင်ဘာ ၇ ရက်တွင်လည်း  Eleven Broadcasting မှ “ဘင်္ဂါလီများက ကိုယ့်အိမ်ကိုယ်မီးရှို့သည့် ဓာတ်ပုံ အများအပြား ထွက်ပေါ်လာမှုနှင့်ပတ်သက်ပြီး အငြင်းပွားနေခြင်းအပေါ် စုစည်းတင်ပြချက်” ဟူသည့် ခေါင်းစဉ်ဖြင့် သတင်း ထုတ်လွှင့်ခဲ့ရာတွင် အဆိုပါဓာတ်ပုံများအား ရိုက်ကူးခဲ့သူ ကိုမောင်မောင်ထွန်း၏ ဓာတ်ပုံ ရိုက်ယူခဲ့မှုအား ပြန်လည်ဖြေကြားချက်၊ ဇောတိကာရုံ ဘုန်းတော်ကြီးကျောင်းဆရာတော်၏ မီဒီယာများသို့ ဖြေကြားချက် မောင်တော မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊  မောင်တော မြို့ပေါ် ရပ်ကွက်(၄)တွင် နေထိုင်သူအချို့ ပြောကြားချက်၊ မောင်တောမြို့ခံတစ်ဦးတို့ ၏ ဖြေကြားချက်များနှင့်အတူ မေးမြန်းထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါသည်။

(၅)     ဧရာဝတီသတင်းဌာနသည် သြဂုတ် ၃၀ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မောင်တောဒေသသို့ သွားရောက်ရာတွင် ပါဝင်ခဲ့ပြီး ဇောတိကာရုံ ဘုန်းတော်ကြီးကျောင်းဆရာတော်မှ မီဒီယာများအား ရှင်းပြမှုနှင့် အိမ်မီးရှို့သည့် ဓာတ်ပုံများပေးအပ်မှုကို သိရှိထားသည့် သတင်းဌာနတစ်ခု ဖြစ်ပါသည်။

(၆)     စက်တင်ဘာလ ၈ ရက်နေ့ The Daily Eleven သတင်းစာတွင် “မောင်တောနေအိမ်များ မီးရှို့သည့်ကိစ္စနှင့်ပတ်သက်၍ အစိုးရက စုံစမ်းဖော်ထုတ် အရေးယူသွားမည်” ဟူသော သတင်းအား ဖော်ပြခဲ့ရာ အွန်လိုင်းတွင် ပျံ့နှံ့ နေသော မောင်တောရှိနေအိမ်များ မီးရှို့ နေသည့် ဓာတ်ပုံများတွင် ပါဝင်သူတစ်ဦးဟု ယူဆရသူ (Mizzima မီဒီယာမှ ကယ်ဆယ်ရေးစခန်းတွင် ရိုက်ကူးထားသောဓာတ်ပုံနှင့် နေအိမ်မီးရှို့ရာတွင် ပါဝင်သူတစ်ဦး၏ အဝတ်အစားများနှင့် တူညီနေသည့်ပုံအား လူမှုကွန်ရက် စာမျက်နှာတွင် ယှဉ်တွဲဖော်ပြပျံ့နှံ့နေသည့် ပုံတွင်ပါဝင်သူ) အား Eleven Media Group က တွေ့ဆုံမေးမြန်းရာ ၎င်းမဟုတ်ကြောင်း ၎င်းအမည်မှာ ဒူကီယာ (မသဲကွဲ) ဖြစ်ကြောင်း ဖြေကြားချက်ကိုလည်း ထည့်သွင်း ဖော်ပြခဲ့ပါသည်။ အဆိုပါဖြေကြားသူမှာ မေးမြန်းချိန်တွင် အရက်သေစာ သောက်စားထားသည့် ပုံစံမျိုးရှိနေပြီး ဓာတ်ပုံမှတ်တမ်းများနှင့် လေ့လာချက်များအရ အိမ်မီးရှို့သည့်ဓာတ်ပုံတွင် ပါဝင်ခဲ့သူနှင့် ယင်းဟိန္ဒူအမျိုးသားမှာ တူညီမှုများ ရှိနေကြောင်း အချက်အလက်များဖြင့် ထည့်သွင်း ဖော်ပြခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် အိမ်မီးရှို့သည့်ပုံများတွင် ပါဝင်သူ ငါးဦးအနက် တစ်ဦးကိုသာလျှင် ဟိန္ဒူဘာသာဝင်အဖြစ် သိရှိနိုင်ပြီး ကျန်သူများအား ဟိန္ဒူဘာသာဝင်များအဖြစ် အတည်ပြုနိုင်ခြင်း မရှိပါ။ ယင်းအပြင် AP သတင်းဌာနတွင် ဖော်ပြခဲ့သော အိမ်မီးရှို့ရာတွင် ပါဝင်သည်ဆိုသည့် အမျိုးသမီး၏ ပုံသည်လည်း အင်္ကျီအရောင်ပုံစံ တူညီနေခြင်းသာ ဖြစ်ပြီး အင်္ကျီလည်ပင်းပေါက်မှာ အဝိုင်းနှင့် ဗွီ (V)ပုံစံ ကွာခြားနေခြင်း၊ အင်္ကျီလက် အတို အရှည် ကွာခြားနေခြင်း၊  မျက်နှာ ပုံပန်းသဏ္ဌာန်အရ အသက်အရွယ် ကွာခြားနေခြင်း၊ ခန္ဓာကိုယ်အချိုးအစား ကွာခြားနေခြင်း အစရှိသည့် မတူညီသည့် အချက်များစွာ တွေ့ရှိရသည်။ ၎င်းတို့နှစ်ဦးမှလွဲ၍ အခြားသုံးဦးသည် မည်သူမည်ဝါများဖြစ်ကြောင်း မည်သူမျှ  ဖော်ထုတ်နိုင်ခဲ့ခြင်းလည်း မရှိသေးပေ။

(၇)     သို့သော် ဧရာဝတီသတင်းဌာနတွင် ဖော်ပြခဲ့သော Analysis ၌ အခြား နိုင်ငံတကာ မီဒီယာအချို့၏ မှားယွင်းဖော်ပြမှုများကို ရေးသားဖော်ပြရာတွင် ဖြစ်စဉ်တူညီခြင်း မရှိသည့် စွဲချိတ်ရေးသားသည့်အနေဖြင့် အဆုံးသတ်ပိုင်းတွင် Eleven Media Group  အား ထည့်သွင်းရေးသား၍ မိမိတို့အနေဖြင့် တောင်းပန်ခြင်း၊ အမှားပြင်ဆင်ခြင်းများ မလုပ်ခဲ့ကြောင်း အများ ထင်ယောင်ထင်မှား ဖြစ်စေရန် ဂုဏ်သိက္ခာ ထိခိုက်စေရန် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

(၈)     အမေရိကန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သော AP သတင်းဌာနသည်လည်း Eleven Media Group မှ ဖော်ပြခဲ့သော အိမ်မီးရှို့သည့် ဓာတ်ပုံများ ပျံ့နှံ့ခဲ့ခြင်းဖြစ်စဉ်သတင်းကို ဖော်ပြခဲ့သော်လည်း ဖြစ်စဉ်အလိုက် ဖော်ပြမှုမျိုးကိုသာ ပြုလုပ်ခဲ့ပြီး တစ်စုံတစ်ရာ မှတ်ချက်ရေးသားကာ ဝေဖန်ပြစ်တင်မှုမျိုး မပြုလုပ်ခဲ့ပေ။

(၉)    မိမိတို့အနေဖြင့် ယင်းသတင်းအား ဖော်ပြရာတွင် ဓာတ်ပုံများအား ဖြန့်ဝေပေးသူ၊ ဓာတ်ပုံကိုယ်တိုင် ရိုက်ကူးခဲ့သူ၊ မီးရှို့မှုဖြစ်ပွားသည့် နေအိမ်အနီးတွင် နေထိုင်သူ၊ မောင်တောမြို့ပေါ်  ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့ခံတို့ကို မေးမြန်းဖော်ပြခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုဓာတ်ပုံပါ ကိစ္စရပ်နှင့် ပတ်သက်၍ ဘင်္ဂါလီများဘက်သို့ မေးမြန်းရန်အတွက်မူ လတ်တလော အနေအထားအရ ဖြစ်နိုင်ခြင်း မရှိသည့်အတွက် မေးမြန်းနိုင်ခဲ့ခြင်း မရှိခဲ့ပါ။ ယင်းအပြင် မိမိတို့ ဖော်ပြချက်ပေါ် မူတည်၍ မဟုတ်မှန်ကြောင်း ပြန်လည် စွပ်စွဲမှုများတွင်လည်း ယင်းဓာတ်ပုံပါ ကိစ္စနှင့်ပတ်သက်၍ ဘင်္ဂါလီများ၏ ပြောကြားချက်များ အပါအဝင် ခိုင်လုံသည့် အထောက်အထားများဖြင့် ဖော်ပြမှုများ မရှိပေ။

မည်သို့ပင်ဆိုစေကာမူ ယင်းကိစ္စအား စုံစမ်းစစ်ဆေးဖော်ထုတ်ရမည်မှာ အာဏာပိုင်အဖွဲ့အစည်းများ၏ တာဝန်သာဖြစ်ပါသည်။ မီဒီယာများအနေဖြင့်မူ ရရှိနိုင်သမျှသော အချက်အလက်များကို ဖော်ပြရန်သာ ရှိပါသည်။ သက်ဆိုင်ရာ အာဏာပိုင်များက တစ်စုံတစ်ရာ ထုတ်ပြန်အတည်ပြုခြင်း မရှိသေးမီတွင် ဖော်ပြချက်၌ ပါဝင်သည့် အချက်အလက်များနှင့်ပတ်သက်၍ အမှားပြင်ဆင်ချက် တစ်စုံတစ်ရာ တောင်းဆိုခြင်းမှာ တရားနည်းလမ်း မကျပေ။

ဧရာဝတီ သတင်းဌာနအနေဖြင့် မှားယွင်းဖော်ပြခဲ့သည့် အခြားသတင်းဌာနများနှင့်အတူ တွဲလျက် Eleven Media Group ကို ဖော်ပြခဲ့ခြင်းမှာ မီဒီယာအချင်းချင်း ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်ခြင်းဟု ယူဆစရာ ဖြစ်နေသည်။

(၁၀) ထို့ကြောင့် Eleven Media Group မှ ကျင့်ဝတ်နှင့်အညီ ရေးသားဖော်ပြ ထုတ်လွှင့်ခဲ့သည်များအား ရေရာစွာ သိရှိခြင်း မရှိဘဲ အများထင်ယောင်ထင်မှား ဖြစ်စေရန် ဂုဏ်သိက္ခာ ထိခိုက်နစ်နာစေရန် အသရေပျက်စေရန် ရေးသားဖော်ပြခဲ့မှုများနှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာနကို ကန့်ကွက်ပါကြောင်းနှင့် ယခုကဲ့သို့ ရေးသားဖော်ပြခဲ့မှုအတွက် ဧရာဝတီသတင်းဌာနနှင့် သတင်းရေးသားသူ ဦးမိုးမြင့်တို့အနေဖြင့် အမြန်ဆုံး ပြန်လည်ဖြေရှင်းပေးပါရန် တောင်းဆိုအပ်ပါသည်။

Most Read

Most Recent