ပြည်ပသို့တင်ပို့မည့် ကုန်သေတ္တာ ၁၆ လုံး အတွင်းမှ တရားမဝင်သစ်များ သီလဝါ ဆိပ်ကမ်း၌ သိမ်းဆည်းရမိ

ပြည်ပသို့တင်ပို့မည့် ကုန်သေတ္တာ ၁၆ လုံး အတွင်းမှ တရားမဝင်သစ်များ သီလဝါ ဆိပ်ကမ်း၌ သိမ်းဆည်းရမိ
Published 23 September 2017

သီလဝါဆိပ်ကမ်းတွင် သိမ်းဆည်းရမိခဲ့သည့် တရားမဝင် သစ်ထည့်သွင်းထားသော ကုန်သေတ္တာအား တွေ့ရစဉ်(ဓာတ်ပုံ-ရန်ကုန်တိုင်း ရဲတပ်ဖွဲ့)

ပြည်ပသို့တင်ပို့မည့် ကုန်သေတ္တာ ၁၆ လုံးအတွင်းမှ တရားမဝင်သစ်များ သီလဝါဆိပ်ကမ်း၌ သိမ်းဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သီလဝါဆိပ်ကမ်းရှိ ပြည်ပသို့ တင်ပို့မည့်ကုန်သေတ္တာများအတွင်း တရားမဝင်သစ်များ ထည့်သွင်းထားကြောင်း သတင်းရရှိသဖြင့် စစ်ဆေးခဲ့ရာတွင် ကုန်သေတ္တာ ၁၆ လုံး အတွင်းမှ ပိတောက်သစ်ခွဲသား တန်ချိန် ၂၃၀ ခန့်ကို စက်တင်ဘာ ၂၂ ရက်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် အကောက်ခွန် စစ်ဆေးရေး ဝန်ထမ်းများမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ကျော်ကျော်ဇင် (YG Authoxzed Customs Agency) ပိုင် ကုန်သေတ္တာအလုံး ၂၀ ကို ဖွင့်ဖောက်စစ်ဆေးခဲ့ရာမှ ကုန်သေတ္တာ ၁၆ လုံးတွင် တရားမဝင်သစ်များကို ရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း၊ သီလဝါနယ်မြေ ရဲစခန်းမှ (ပ)၅၄/၂၀၁၇ ၊ ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

ယခုနှစ်စပိုင်းက ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည့်   Myanmar Industrial  Port တွင် ကျွန်းခွဲသားများ ထည်သွင်းထားသည့် ကွန်တိန်နာ  ၁၃ လုံးအား သိမ်းဆည်းရမိခဲ့သည့် ဖြစ်စဉ်နှင့် ယခုဖြစ်စဉ်မှာ အလားသဏ္ဍာန်တူနေကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇန်နဝါ ရီ ၂၄ ရက်က MIP ဆိပ်ကမ်း၌ တရားမဝင်သစ်များ စစ်ဆေးတွေ့ ရှိခဲ့သည့်ဖြစ်စဉ်အပေါ် အခြေခံကာ သတင်းကွင်းဆက်အနေဖြင့် ရန်ကုန်မြို့နယ်အတွင်းရှိ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အရှေ့ဒဂုံ အပါအဝင် မြို့နယ် အများအပြား၌ တရားမဝင် သစ်တန်ချိန် ၂၀၀၀ ခန့်ကို သိမ်းဆည်းနိုင်ခဲ့သည်။

ရန်ကုန်မြို့အတွင်း တရားမဝင် သစ်ဖမ်းဆီးမှုဖြစ်စဉ်များမှာ ယခုနှစ်မတ်လမှ စတင်ကာ သတင်းကွင်းဆက်ပြတ်ခဲ့ပြီးနောက် တရားမဝင်သစ် အများအပြားကို သီလဝါဆိပ်ကမ်း၌ ပြန်လည်ဖမ်းဆီး ရမိခဲ့ခြင်းလည်း ဖြစ်သည်။

ယခင်ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်များတွင် ခြံပိုင်ရှင်၊လုပ်ငန်းရှင်များ နှင့် အခြားပါဝင် ပတ်သက်နေသူများကို  ပုဒ်မ ၄၂(ခ) နှင့် ၄၃ (က)များ အပြင် ပပက ဥပဒေပုဒ်မ၊၆(၁) ဖြင့် အမှုဖွင့်တရားစွဲဆိုထားပြီး ထွက်ပြေး တိမ်းရှောင် နေသူများကို တရာခံပြေး အဖြစ်သတ်မှတ်ကာ ရဲတပ်ဖွဲ့မှ ရှာဖွေမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ကမ်း၌ တရားမဝင်သစ်များ တွေ့ရှိမှုနှင့်  စပ်လျဉ်း၍ ဇန်နဝါရီလ ၂၇ ရက်တွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာနရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး  (MIP) ဆိပ်ကမ်းနှင့်အေဂျင်စီများမှာ ဥပဒေအား လိုက်နာမှု အားနည်းခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ ထိရောက်သည့်အပြစ်များ ပေးလိမ့်မည်ဟု ယူဆကြောင်း  အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းလွင်က ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

Most Read

Most Recent