ညီဖြစ်သူအား ပါးရိုက်ခဲ့သည့် အမျိုးသားအား မကျေနပ်သဖြင့် အစ်ကိုက ဓားရှည်ဖြင့် ခုတ်သတ်မှု မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွား

ညီဖြစ်သူအား ပါးရိုက်ခဲ့သည့် အမျိုးသားအား မကျေနပ်သဖြင့် အစ်ကိုက ဓားရှည်ဖြင့် ခုတ်သတ်မှု မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွား
Published 23 September 2017

ပြစ်မှုကျူးလွန်ခဲ့သည့် ဇေယျကျော် နှင့် နေမင်းထက်တို့အား သက်သေခံဓားနှင့်အတူ တွေ့ရစဉ် (Photo: Yangon Police)

မြောက်ဥက္ကလာပမြို့နယ်တွင် ညီဖြစ်သူအား ပါးရိုက်ခဲ့သည့် အမျိုးသားအား မကျေနပ်သဖြင့် အစ်ကိုမှ ဓားရှည်ဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၂၃ ရက်တွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၂၂ ရက်၊ ည ၈ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ်၊ (၁) ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် လူငယ်များ ခိုက်ရန်ဖြစ်ပွားနေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးရာ အခင်းဖြစ်ပွားသည့် နေရာတွင် ယင်းမြို့နယ်နေ စန်းဝင်းအောင် (၂၈) နှစ်နှင့် မင်းသူ (၂၂) နှစ်တို့အား ဇေယျကျော် (၂၂) နှစ်မှ အရိုးအသွား ၂၇ လက်မရှိ သံရိုးတပ် ဓားရှည်ဖြင့် ဝင်ခုတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ခုတ်သည့်အချိန်တွင် ဇေယျကျော် (၂၂) နှစ်၏ ညီဖြစ်သူ နေမင်းထက် (၁၄) နှစ်မှ ဝင်ရောက်လုံးထွေး သတ်ပုတ်ခဲ့ကြောင်း၊ ယင်းနောက် စန်းဝင်းအောင်မှာ ဓားဒဏ်ရာများဖြင့် လဲကျသေဆုံးနေပြီး မင်းသူမှာ နဖူးပြတ်ရှ၊ ယာရင်အုံနှင့် ဝဲလက်ဖဝါး ပွန်းရှဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမှုမှ ဓားဖြင့်ခုတ်သူ ဇေယျကျော် (၂၂) နှစ်နှင့် ပူးပေါင်းပါဝင်သူ နေမင်းထက် (၁၄) နှစ်တို့အား အခင်းဖြစ်ပွားသည့် နေရာအနီး၌ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ နှစ်ဦးအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စစ်ဆေးရာ နေမင်းထက် (၁၄) နှစ်အား သေဆုံးသူ စန်းဝင်းအောင်မှ အနိုင်ကျင့် ပါးရိုက်ခဲ့ကြောင်း၊ ထိုသို့ ညီဖြစ်သူအား ပါးရိုက်သည်ကို မကျေနပ်သည့်အတွက် အစ်ကိုဖြစ်သူ ဇေယျကျော် (၂၂) နှစ်မှ ယခုကဲ့သို့ ဓားရှည်ဖြင့် ခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ညီဖြစ်သူကို သေဆုံးသူက စက်တင်ဘာ ၂၀ ရက်မှာ ပါးရိုက်လိုက်တာကို မကျေနပ်လို့ အစ်ကိုက အခုလို ဓားနဲ့ခုတ်တာ ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူကပဲ ဓားရှည်နဲ့ ခုတ်တာပါ။ ကျုးလွန်သူကိုတော့ အခင်းဖြစ်တဲ့ ညတွင်းချင်းပဲ ဖမ်းဆီးရမိခဲ့ပါတယ်။ အခုတော့ ဆက်လက် ဆောင်ရွက်စရာရှိတာကို လုပ်ဆောင်နေပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှ ဇေယျကျော်နှင့် နေမင်းထက်တို့ နှစ်ဦအား မြောက်ဥက္ကလာပမြို့မရဲစခန်းမှ (ပ) ၁၀၄၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent