ထားဝယ်မြစ်အတွင်း သဲ/ကျောက်လှေ နစ်မြှုပ်ရာမှ ပျောက်ဆုံးနေသူ နှစ်ဦးအနက် တစ်ဦး၏ ရုပ်အလောင်းအား ဆယ်ယူရရှိ

ထားဝယ်မြစ်အတွင်း သဲ/ကျောက်လှေ နစ်မြှုပ်ရာမှ ပျောက်ဆုံးနေသူ နှစ်ဦးအနက် တစ်ဦး၏ ရုပ်အလောင်းအား ဆယ်ယူရရှိ
Published 23 September 2017

လှေနစ်မြုပ်ရာတွင် ပျောက်ဆုံးခဲ့သည့် အသက် ၂၁ နှစ်အရွယ် သားသား၏ ရုပ်အလောင်းအား စက်တင်ဘာ ၂၃ ရက်တွင် ပြန်လည်ဆည်ယူရရှိစဉ်

တနသာၤရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ တောင်မင်းပြောင်ကျေးရွာအနီး ထားဝယ်မြစ်အတွင်း၌ စက်တင်ဘာလ ၂၂ ရက် နံနက်အစောပိုင်းက မြစ်အတွင်း သဲ/ကျောက် စုပ်ယူနေသည့် စက်လှေတစ်စီး နစ်မြှုပ်ခဲ့ပြီးနောက် ပျောက်ဆုံးနေသည့် လူ နှစ်ဦးအနက် တောင်မင်းပြောင်ရွာနေ အသက် ၂၁ နှစ်အရွယ် သားသား၏ ရုပ်အလောင်းကို ယနေ့ (စက်တင်ဘာလ ၂၃ ရက်) နံနက် ၇ နာရီခွဲခန့်က ထားဝယ်မြို့ရှိ ကမြောကင်းတံတား အနီးတွင် တွေ့ရှိဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါရုပ်အလောင်းအား တံတားအနီး မြစ်အတွင်း၌ မျောပါနေသည်ကို တံတားရဲကင်းစခန်းမှ ရဲတပ်သားတစ်ဦးက တွေ့ရှိ၍ ဆယ်ယူထားခဲ့ခြင်းဖြစ်ပြီး ဇမ္ဗူသီရိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ယာဉ်ဖြင့် မောင်းမကန်ဆေးရုံသို့စစ်ဆေးရန် ပို့ဆောင်ထားကြောင်း သိရသည်။ လက်ရှိတွင် သဲ/ကျောက်လှေ နစ်မြှုုပ်မှ ပျောက်ဆုံးနေသူ နှစ်ဦးအနက် ခမောင်းတောင်ရွာနေ အသက် ၃၆ နှစ်အရွယ် ကိုမြင့်စိုးကိုမှု လက်ရှိအချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။

အလျား ၄၇ ပေ၊ အနံ ၉ ပေနှင့် အနက် ၆ ပေရှိသည့် ခမောင်းတောင်ရွာနေ ဦးတင်ရွှေ ပိုင်ဆိုင်သော ၎င်းသဲ/ကျောက်လှေမှာ စက်တင်ဘာလ ၂၁ ရက် ည ၁၀ နာရီခန့်က ထားဝယ်မြစ်နှင့် တောင်မင်းပြောင်ရွာရှိ ဂေါချောင်းဝဆုံရာ နေရာတွင် ကျောက်စရစ်များ တင်ဆောင်လျက် ချောင်းအတွင်းသို့ဝင်ရောက်ရန် ရေတက်ချိန်ကို စောင့်ဆိုင်းနေစဉ် စက်တင်ဘာလ ၂၂ ရက် နံနက် ၃ နာရီခန့်၌ ရုတ်တရက်ရေများ ဝင်ရောက်လာ၍ နစ်မြှုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လှေအတွင်း၌ လိုက်ပါလာသူ သုံးဦးအနက် စက်လှေပိုင်ရှင်ဖြစ်သူ ဦးတင်ရွှေ တစ်ဦးတည်းသာ ရေကူး၍ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်ရှိသည့် ခမောင်းတောင်ရွာနေ အသက် ၃၆ နှစ်အရွယ် ကိုမြင့်စိုးနှင့် တောင်မင်းပြောင်ရွာနေ အသက် ၂၁ နှစ်အရွယ်ရှိ သားသား တို့ နှစ်ဦးမှာ ယမန်နေ့ညပိုင်းအထိ ရှာဖွေတွေ့ရှိခြင်း မရှိဘဲ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent