ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများ၏ အမည်စာရင်းအား ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့မည်

ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများ၏ အမည်စာရင်းအား ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့မည်
Published 23 September 2017

စက်တင်ဘာ ၂၂ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်ကိစ္စ အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများ၏ အမည်စာရင်းအား ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၂၂ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဝင်များ တွေ့ဆုံသည့် အစည်းအဝေးတွင် ယင်းကဲ့သို့ သဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွင် ပါဝင်သူများအား အရေးယူနိုင်ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ညှိနှိုင်းရန်သွားရန်လည်း သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများအား ပြန်လည်နေရာချထားရေးတွင် မြို၊ ဒိုင်းနက် စသည့် ဌာနေတိုင်းရင်းသားများလည်း ပါဝင်ရာ တိုင်းရင်းသားများ၏ ဓလေ့၊ ထုံးတမ်း၊ ယဉ်ကျေးမှုဆိုင်ရာများကိုပါ မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်ရေးအတွက် ရည်ရွယ်၍ UN-Habitat - United Nations Human Settlements Programme ထံမှ အကြံဉာဏ်များ ရယူနိုင်ရေး ဆောင်ရွက်သွားရန်၊ ပြန်လည်လက်ခံမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများအား ၁၉၉၃ ခုနှစ် သဘောတူညီချက်ကို အခြေခံ၍ စိစစ်မှုများ စနစ်တကျ ဆောင်ရွက်ရန်နှင့် ပြန်လည်စိစစ် လက်ခံရေးအဖွဲ့တစ်ဖွဲ့ အမြန်ဆုံး ဖွဲ့စည်းဆောင်ရွက်ရန်၊ ယာယီနေရာချထားပြီးနောက် ပြန်လည်နေရာချထားရာတွင် မူလကထက် ပိုမိုအဆင်ပြေနိုင်ရေး၊ ရေရှည်ဖွံ့ဖြိုးရေးကိုပါ ခြုံငုံပါဝင်စေမည့် အစီအစဉ်အား UN-Habitat ထံမှ အကြံဉာဏ်များ ရယူဆောင်ရွက်ရန်၊ မောင်တောဒေသအတွင်း လမ်းကွန်ရက်များ စနစ်တကျ ရေးဆွဲဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားလိုင်းများ၊ ရေမြောင်းစနစ်များ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ရဲကင်းစခန်းများကိုပါ ထည့်သွင်း၍ ဒေသဖွံ့ဖြိုးရေးနှင့် ယှဉ်တွဲ ဆောင်ရွက်ရန်၊ ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းခံရသည့် တမန်းသားကျေးရွာမှ ပျောက်ဆုံးနေသာ ဟိန္ဒူဘာသာဝင် ၉၃ ဦး၏ အခြေအနေ အမြန်ဆုံး သိရှိနိုင်ရန်အတွက် ရှာဖွေမှု တိုးမြှင့်ဆောင်ရွက်ရန်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းတွင် အသက်မသေဘဲ ရောက်ရှိနေသည်ဟု သတင်းထွက်ပေါ်နေသော ဟိန္ဒူဘာသာဝင် အမျိုးသမီးခြောက်ဦးနှင့် ကလေးငယ်သုံးဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး နယ်ခြားစောင့်တပ်များ အချင်းချင်း တောင်းခံထားပြီး ဖြစ်သော်လည်း သံတမန်လမ်းကြောင်းမှတစ်ဆင့်လည်း ထပ်မံတောင်းခံသွားရန် စသည်တို့ကို သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ နယ်ခြားဒေသ လုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ရန် ဖိတ်ကြားထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြည်ထဲရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ အဆင်မပြေသဖြင့် ခရီးစဉ်မတိုင်မီ ရွှေ့ဆိုင်းထားခဲ့ရသောကြောင့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးအား ထပ်မံဖိတ်ကြားရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ်ရဲချုပ် အတူလိုက်ပါနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ကလည်း သီးခြားဖိတ်ကြားထားသဖြင့် ထပ်မံဖိတ်ကြားရန်နှင့် လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံရှိ သံတမန်များအား မောင်တောဒေသသို့ ပို့ဆောင်ပေးနိုင်ရေး အစီအမံများ ဆက်လက် ဆောင်ရွက်ရန် စသည်တို့ကို သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အစည်းအဝေး သဘောတူ ဆုံးဖြတ်ချက်များကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent