စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအရ အစားထိုးမြေဧက ၁၉၀၀ ဖော်ထုတ်ပေးရန် မြေသိမ်းခံ လက်ပံတောင်းတောင် ဒေသခံများက ဆားလင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးထံ တောင်းဆို

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအရ အစားထိုးမြေဧက ၁၉၀၀ ဖော်ထုတ်ပေးရန် မြေသိမ်းခံ လက်ပံတောင်းတောင် ဒေသခံများက ဆားလင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးထံ တောင်းဆို
Published 23 September 2017

ဆားလင်းကြီးမြို့နယ်တွင် တည်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သိမ်းဆည်းခံခဲ့ရသည့် မြေယာများနှင့် ပတ်သက်၍ လက်ပံတောင်းတောင်ဒေသခံများက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအရ အစားထိုးမြေဧက ၁၉၀၀ ဖော်ထုတ်ပေးရန် ဆားလင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးထံ တောင်းဆိုခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသခံများ၊ ဆားလင်းကြီးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်တို့ တွေ့ဆုံမှုတွင် ဒေသခံများက အထက်ပါအတိုင်း တောင်းဆိုခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ အစိုးရကနေပြီးတော့ ကြေးထုတ်တဲ့နေရာမှာ ကြေးမှမဟုတ်ဘူး။ ဘယ်သယံဇာပဲထုတ်ထုတ် ရေရှည်သုံးစွဲနိုင်တဲ့ ထုတ်လုပ်နိုင်တဲ့ မူဝါဒတစ်ခုရှိတယ်။ အဲဒီ မူဝါဒအရထပ်ပြီးတော့ ချဲ့လို့မရဘူးဆိုရင်တော့ ဒီကိစ္စက ညှိနှိုင်းလို့ ဖြစ်နိုင်ပါတယ်။ အကယ်၌ ထပ်တိုးမယ်ဆိုရင်တော့ အစိုးရနဲ့ ကုမ္ပဏီ Plan ပေါ့လေ။ အဲဒါဆိုရင်တော့ ဒီကိစ္စမဖြစ်နိုင်ဘူး။ နှစ်ခုကတော့ တစ်ခုပေါ့နော်။ အဓိက ကွာဟတာကတော့ သီးနှံနစ်နာကြေးပေါ့။ သီးနှံနစ်နာကြေးကိစ္စကို ကျွန်တော်တို့ကလည်း ပေးသင့်တယ်လို့ ပြောနေတာ ကြာပြီ။ ပြည်ထောင်စုကို တင်လိုက်တော့ ပြည်ထောင်စုကလည်း တိုင်းကိုပြန်ပြီး လွှဲလိုက်တယ်။ တကယ်လည်း နစ်နာခဲ့တယ်။ နစ်နာကြေးပေးသင့်တယ်ဆိုတဲ့အကြောင်း ကျွန်တော် အစည်းအဝေးတိုင်းမှာ ပြောခဲ့တယ်။ ဒါပေမဲ့ သူတို့ဘက်က ဥပဒေနဲ့ပြောတာ။ ၂၀၁၀ ခုနှစ်ကတည်းက သိမ်းဆည်းခဲ့တယ်ပေါ့။ အဲဒီမှာ လန ၃၉ ကျတယ်။ ဥပဒေက နောက်ကြောင်းပြန်ရမှာလား။ အဲဒီသိမ်းဆည်းပြီး စိုက်ခွင့်မရှိတဲ့အတွက် သီးနှံလျော်ကြေးအနေနဲ့ ဆိုရင်တော့ ပေးရမှာပေါ့နော်။ နစ်နာကြေးအနေနဲ့ ဆိုရင်တော့ ပေးစရာ အကြောင်းမရှိဘူး” ဟု ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောကြားသည်။

လက်ပံတောင်းတောင်ဒေသခံများ အနေဖြင့် တောင်သူလယ်သမားများ ဖြစ်နေခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအရ အစားထိုးမြေဧက ၁၉၀၀ ဖော်ထုတ်ပေးရန် လိုလားနေကြကြောင်း၊ ယင်းအစားထိုးမြေဧက ၁၉၀၀ ဖော်ထုတ်ပေးနိုင်ပါက ၎င်းတို့၏ ဘဝရှေ့ရေးအတွက် လုံခြုံမှုရှိနိုင်ကြောင်း ဆည်တည်းရွာတွင် နေထိုင်သည့် မြေသိမ်းခံတောင်သူတစ်ဦးက ပြောကြားသည်။

“ကျွန်မအနေနဲ့ အမှန်အတိုင်းပြောရရင် အရင်တစ်ခါတွေတုန်းကလည်း ဒီအတိုင်းပဲ ပြောသွားတာဆိုတော့ သိပ်တော့အားရမှုတော့ နည်းတော့နည်းပါတယ်။ ဒါပေမဲ့လို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကိုယ်တင်မြှောက်တဲ့ အစိုးရဆိုတော့ အစွမ်းကုန် လုပ်ပေးနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။ မြေယာလျော်ကြေးကို သူတို့မပေးနိုင်ဘူး ဆိုရင်လည်း ကျွန်မတို့မယူဘူး။ ကျွန်မကတော့ မြေဧက ၁၉၀၀ ကို ပြန်ပေးမယ်ဆိုရင် အဲဒီ မြေဧက ၁၉၀၀ ကိုပဲ လိုချင်ပါတယ်။ မြေယာလျော်ကြေး ဘယ်လောက်ပေးနေပါစေ ကျွန်မတော့မယူဘူး။ အစားထိုးမြေဧကထဲက မြေကိုပဲ လိုချင်ပါတယ်” ဟုဆားလင်းကြီးမြို့နယ် ဆည်တည်းရွာမှ မြေသိမ်းခံတောင်သူ ဒေါ်ရီဝင်းက ပြောကြားသည်။

ဆားလင်းကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်တို့ တွေ့ဆုံမှုတွင် အစားထိုးမြေဧက ၁၉၀၀ ဖော်ထုတ်ပေးရေး အချက်ကိုသာ လက်ပံတောင်းတောင် ဒေသခံများက အဓိကထား တောင်းဆိုခဲ့ကြကြောင်း၊ ထိုတောင်းဆိုခဲ့သည့် အချက်အား သက်ဆိုင်ရာသို့ တင်ပြ ဆွေးနွေးသွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားနှစ်ဦးက လက်ပံတောင်းတောင် ဒေသခံများ ပြန်လည်ပြောကြားသည်။

ဆားလင်းကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်တို့သည် လက်ပံတောင်းတောင်ဒေသ မြေသိမ်းခံကျေးရွာများဖြစ်သည့် တုံရွာမ၊ တုံတောကျောင်း၊ တုံရွာသစ်၊ ဆည်တည်းရွာဟောင်းနှင့် မိုးကြိုးပြင်အလယ်ရွာတို့တွင် နေထိုင်သည့် တောင်သူများအား တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent