ကြိမ်ချောင်းကျေးရွာနှင့် ကလာဘာရွာတို့၌ စက်တင်ဘာလ ၂၁ ရက်ညပိုင်းက မီးလောင်မှုများ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်ကလည်း ဘူးသီးတောင်မြို့နယ်တွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီ ထုတ်ပြန်

ကြိမ်ချောင်းကျေးရွာနှင့် ကလာဘာရွာတို့၌ စက်တင်ဘာလ ၂၁ ရက်ညပိုင်းက မီးလောင်မှုများ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်ကလည်း ဘူးသီးတောင်မြို့နယ်တွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီ ထုတ်ပြန်
Published 23 September 2017

သတင်းထုတ်ပြန်ရေး ကော်မတီ

မောင်တောမြို့နယ် နယ်မြေ ၄ ကြိမ်ချောင်းတောင်ရွာတွင် ယခင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျန်ရှိသည့် နေအိမ် အလုံး ၂၀ သည် စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ထပ်မံ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီမှ သိရသည်။ မီးလောင်မှုဖြစ်စဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး မည်သည့်အတွက်ကြောင့် မီးလောင်ကျွမ်းသည်ကို စုံစမ်းလျက်ရှိကြောင်းနှင့် ကြိမ်ချောင်းနယ်မြေ ရဲစခန်းတွင် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်းလည်း သိရသည်။ အလားတူညပိုင်းတွင် မောင်တောမြို့ ရွာသစ်ကေရပ်ကွက်၊ ကလာဘာရွာ၌ ယခင် မီးလောင်ပြင်ဟောင်းတွင် ကျန်ရှိနေသော လူနေထိုင်ခြင်း မရှိသည့် ဓနိမိုး၊ ထရံကာ နေအိမ် ၁ လုံး မီးလောင်းကျွမ်းခဲ့သဖြင့် တန်ဖိုးငွေ ကျပ် ၃၀၀၀၀ ဆုံးရှုံးခဲ့ကြောင်းနှင့် တရားခံ ဖမ်းဆီးရမိရေး မောင်တောမြို့မ စခန်းတွင် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယနေ့ (စက်တင်ဘာ ၂၂ ရက်) နံနက်ပိုင်းကလည်း ဘူးသီးတောင်မြို့နယ် နယ်မြေ ၁၀ မိချောင်းဈေးကျေးရွာ ဗလီကြီး ခြံဝန်းအတွင်း၌ အစ္စလာမ်ဘာသာဝင်များ ဗလီတက်ချိန်၌ ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်စေရန် ရည်ရွယ်၍ ဗလီခြံဝန်း အတွင်း၌ အကြမ်းဖက်သမားများ ထောင်ထားခဲ့သည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ကြောင်းနှင့် လက်လုပ်မိုင်း ပေါက်ကွဲသည့် ဗလီခြံဝန်းအတွင်းသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဗလီ၏ အရှေ့ဘက် ပေ ၃၀ ခန့်အကွာ အုန်းပင်အခြေ၌ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် အကျယ် ၄ ပေ၊ အနက် ၂ ပေခန့်ရှိ မြေကျင်း ၁ ခု တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဗလီခြံဝန်းအတွင်း ဆက်လက် ရှင်းလင်းခဲ့ရာ ပထမ ပေါက်ကွဲခဲ့သည့် လက်လုပ်မိုင်းနေရာနှင့် ၁၀ ပေခန့်အကွာတွင် ဖိုကနောက်ဆိုင် ထောင်ထားသည့် အရှည် ၈ လက်မ၊ အချင်း ၆ လက်မခန့်ရှိ ကားပင်စတင်နှင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား ထပ်မံတွေ့ရှိ၍ သက်မဲ့ပြုလုပ်ခဲ့ပြီး ဆက်စပ်ပစ္စည်းများဖြစ်သည့် ဓာတ်ခဲနှင့် တွဲလျက် ကတ် ၁ ခု၊ နှစ်ပင်လိမ် ဝါယာကြိုး အရှည်ပေ ၂၀ ခန့်အား ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

Most Read

Most Recent