<

ထားဝယ်မြစ်အတွင်း သဲ/ကျောက် လှေတစ်စီး နစ်မြုပ်မှု ဖြစ်ပွားပြီး နှစ်ဦးပျောက်ဆုံးနေ

တနသာင်္ရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ နယ်၊ တောင်မင်းပြောင်ကျေးရွာအနီး ထားဝယ်မြစ် အတွင်း စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက မြစ်အတွင်း သဲ/ကျောက် စုပ်ယူနေသည့် စက်လှေတစ်စီး နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

အလျား ၄၇ ပေ၊ အနံ ၉ ပေနှင့် အနက် ၆ ပေရှိသည့် ခမောင်းတောင်ရွာနေ ဦးတင်ရွှေ ပိုင်ဆိုင်သော ၄င်းသဲ/ကျောက်လှေမှာ စက်တင်ဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ထားဝယ်မြစ်နှင့် ဂေါချောင်းဝဆုံရာ နေရာတွင် ကျောက်စရစ်များ တင်ဆောင်လျက် ချောင်းအတွင်းသို့ ဝင်ရောက်ရန် ရေတက်ချိန်ကို စောင့်ဆိုင်းနေစဉ် စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၃ နာရီခန့်အချိန်၌ ရုတ်တရက် ရေများဝင်ရောက်လာကာ နစ်မြှုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လှေအတွင်း၌လိုက်ပါလာသူ ၃ ဦးအနက် စက်လှေပိုင်ရှင်ဖြစ်သူ ဦးတင်ရွှေ တစ်ဦးတည်းသာ ရေကူး၍ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်ရှိသည့် ခမောင်းတောင်ရွာနေ အသက် ၃၆ နှစ်အရွယ် ကိုမြင့်စိုးနှင့် ခမောင်းတောင်ရွာနေ အသက် ၂၁ နှစ်အရွယ်ရှိ သားသားတို့ ၂ ဦးမှာ စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ထိ ရှာဖွေတွေ့ ရှိခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

“ည ၉ နာရီလောက်က ချောင်းဝကိုရောက်တယ်။ ၁၀ နာရီလောက်မှာ ထမင်းစားပြီးတော့ အိပ်လိုက်တယ်။ ရေတက်စဆိုတော့ ချောင်းထဲဝင်လို့ မရလို့ အနားကသစ်ပင်မှာ ကြိုးချည်ပြီးအိပ်နေတယ်။ ရုတ်တရက် အိပ်ပျော်သွားတော့ ရေပြည့်နေမှန်း မသိလိုက်ဘူး။ လှေက`ဝုန်းကနဲ´ရုတ်တရက်စောင်းပြီး ဆင်းလာတယ်။ ဘာမှလုပ်ဖို့ အချိန်မရလိုက်ဘူး။ ကျနော်တောင် မနည်းထွက်ပြေး လာရတယ်။ မနက် ၃ နာရီလောက်ရှိပြီ။ ကျနော်ကမ်းပေါ် တက်ပြေးလာတဲ့အချိန်ဆို လှေကမြုပ်နေပြီ။ မနည်းရုန်းပြီး ထွက်ပြေးလာရတော့ ဘယ်သူမှ မကြည့်နိုင်ဘူး။ လှေထဲမှာကျောက်စရစ် ၄ ကျင်းလောက်ပါတယ်။ ကျန်ခဲ့တဲ့ နှစ်ယောက်က လှေထဲမှာပဲဖြစ်မလား၊ ဒါမှမဟုတ် တိုးထွက်ပြီး (ရေမကူးတတ်တော့) ရေထဲမျောသွားမလား၊ ကမ်းပေါ်တက်ပြေးပြီး တစ်ခုခုဖြစ်နေမလား မသိဘူး။ မနက်ကလည်းရှာပြီးပြီ မတွေ့ ဘူး။ အခုထိရှာလို့ မတွေ့ သေးဘူးဆိုတော့ ပင်ပန်းနေတာပေါ့။ လှေထဲမှာရှာလို့ မတွေ့ ရင် အခြားနည်းနဲ့ ရှာရမှာ” ဟု စက်လှေနစ်မြှုပ်ရာမှ ထွက်ပြေးလွတ်မြောက် လာခဲ့သည့် လှေပိုင်ရှင်ဖြစ်သူ ဦးတင်ရွှေက ပြောကြားသည်။

လက်ရှိအချိန်တွင် နစ်မြုပ်ခဲ့သော စက်လှေအား မီးသတ်တပ်ဖွဲ့ ၊ ဇမ္ဗူသီရိ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ နှင့် ဒေသခံများမှ ဆယ်ယူရန် ကြိုးစားနေပြီး ကမ်းပေါ်သို့ ဆွဲတင်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ ပျောက်ဆုံးနေသူ နှစ်ဦးမှာ ရေကူးကျွမ်းကျင်မှု မရှိကြောင်း သိရပြီး ဒေသခံရေငုပ်သမားများဖြင့် စက်လှေအား ရေငုပ်ရှာဖွေမှုအရ စက်လှေအတွင်း၌ လူတစ်ဦးတစ်ယောက်မျှ တွေ့ ရှိခဲ့ခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပျောက်ဆုံးနေသူများအား ရှာဖွေတွေ့ ရှိရခြင်း မရှိသေးသည့်အတွက် ယင်းစက်လှေ နစ်မြုပ်မှုကို အမှုဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း မောင်းမကန် နယ်မြေရဲစခန်းမှ သိရသည်။

 

September 22, 2017














Copy Protected by Chetan's WP-Copyprotect.