<

ချွိုင်မင်ဆစ်နှင့် ပက်ရှင်ဟီးတို့၏ Silent Witness ဇာတ်ကား နိုဝင်ဘာတွင် ဖြန့်ချိမည်

ပက်ရှင်ဟီး၊ ချွိုင်မင်ဆစ်

ကိုရီးယား သရုပ်ဆောင် ချွိုင်မင်ဆစ် နှင့် ပက်ရှင်ဟီးတို့ အဓိက ဇာတ်ကောင်များအဖြစ် ပါဝင်ထားသည့် သည်းထိတ်ရင်ဖို မှုခင်းဇာတ်ကား Silent Witness ကို နိုဝင်ဘာတွင် ပြည်တွင်းရုပ်ရှင်ရုံများ၌ ပြသမည် ဖြစ်သည်။

သြဇာလွှမ်းမိုးမှု ရှိသည့် စီးပွားရေး လုပ်ငန်းရှင်နှင့် စေ့စပ်ထားသည့် အမျိုးသမီး သေဆုံးမှု၌ လူသတ်သမားအဖြစ် သံသယဖြစ်ခံခဲ့ရသည့် သမီးကို အမှုမှလွတ်ရန် ဖခင်ဖြစ်သူက ကြိုးပမ်းသည့်အကြောင်း ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် ချွိုင်က ငွေကြေး၊ ဂုဏ်သိက္ခာ၊ အာဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ပိုင်ဆိုင်ထားသည့် စီးပွားရေးကော်ပိုရေးရှင်းတစ်ခု၏ ဥက္ကဋ္ဌ Im Tae-san အဖြစ် သရုပ်ဆောင်ထားပြီး ပက်က ရှေ့နေအဖြစ် သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားတွင် ပါဝင်ခဲ့သည့် ဇာတ်ကောင်သည် ၎င်းအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့သည်ဟု ပက်က ပြောကြားသည်။

တရုတ်ရုပ်ရှင်ဇာတ်ကား Silent Witness ကို ဒါရိုက်တာဂျောင်ဂျီဟွန်းက ပြန်လည်ဆန်းသစ် ရိုက်ကူးထားသည့် ယင်းဇာတ်ကားကို Yong Film က ထုတ်လုပ်ပြီး CJ Entertainment က ဖြန့်ချိမည် ဖြစ်သည်။ ယင်းဇာတ်ကားတွင် Ryu Jun-yeol နှင့် Lee Ha-nee တို့လည်း ပါဝင် သရုပ်ဆောင်ထားသည်။

Oldboy ၊ I Saw the Devil နှင့် The Admiral : Roaring Currents စသည့် ဇာတ်ကားများဖြင့် ကျော်ကြားခဲ့သည့် ချွိုင်သည် ၂၀၁၄ ခုနှစ်က ဖြန့်ချိခဲ့သည့် ပြင်သစ်ဇာတ်ကား Lucy တွင် စကားလက်ဂျိုဟန်ဆန်နှင့် တွဲဖက် သရုပ်ဆောင်ခဲ့သည်။ ချွိုင် သည် ဆောင်ကန်ဟိုနှင့် Sol Kyung-gu တို့နှင့်အတူ ကိုရီးယား၏ ပါရမီထူးသော သရုပ်ဆောင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

၂၀၀၃ ခုနှစ်တွင် Stairway to Heaven ဇာတ်လမ်းတွဲဖြင့် မင်းသမီးဖြစ်လာခဲ့သည့် ပက်ရှင်ဟီးသည် Pinocchio ဇာတ်လမ်းတွဲတွင် သတင်းထောက် ဇာတ်ကောင်နှင့် Doctors ဇာတ်လမ်းတွဲတွင် ဆရာဝန် ဇာတ်ကောင်တို့ဖြင့် အောင်မြင်ခဲ့သည်။ အသက် ၂၇ နှစ်အရွယ်ရှိ ပက်သည် Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ် သြဇာလွှမ်းမိုးမှုအရှိဆုံး ကိုရီးယားအနုပညာရှင် စာရင်းတွင် နံပါတ် ၁၂ နေရာ၌ ဖော်ပြခံခဲ့ရသည်။

September 22, 2017














Copy Protected by Chetan's WP-Copyprotect.